Thursday, October 13, 2005

18 months imprisonment

မစုစုနွေး ထောင်တနှစ်ခွဲကျ
ပီတာအောင် NEJ
၁၃ အောက်တိုဘာ ၂ဝဝ၅ / ၁၈း၄၅


ထန်းမနိုင်ရွာသူ မစုစုနွေးအား ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တရားရုံးက ထောင်ဒဏ်တနှစ်ခွဲ ယနေ့ ချမှတ်လိုက်သည်။


မစုစုနွေးသည် အဓမ္မခိုင်းစေသော ကျေးရွာအာဏာပိုင်များအား ယမန်နှစ်က တရားစွဲဆို အမှုနိုင်ခဲ့ပြီးနောက်ဆဲသည် ခြိမ်းခြောက်ကြိမ်းဝါးသည်ဆိုသော စွပ်စွဲချက်နှစ်ခုဖြင့် အာဏာပိုင်များက ပြန်လည် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မစုစုနွေးအပေါ် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရားမျှတမှုမရှိဘဲ အာဃာတဖြင့် တရားစီရင်ခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင် ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။

၎င်းက “မိန်းကလေးတယောက်က ရယကအာဏာပိုင်အဖွဲ့ဝင်တယောက်ကို ဆဲတယ် ဆိုတဲ့အဆင့် ပြောရင်တော့လည်း ထားလိုက်ပေါ့လေ။ ဒီ ခြိမ်းခြောက်တယ်ဆိုတာ မိန်းကလေးတယောက်က ယောက်ျားတယောက်ကို သွားခြိမ်းခြောက်ရအောင် သူ့မှာ ဘာရှိလို့လဲ။ လက်နက်လည်း ကိုင်သွားတာ မဟုတ်ဘူး၊ သူဥနမှာ ဘာအခွင့်အာဏာ ရှိလို့ ဘာလုပ်ပိုင်ခွင့်ရှိလို့ သွားခြိမ်းခြောက်ရမှာလဲ။ ခြိမ်းခြောက်တယ်ဆိုတာ အာဏာရှိတဲ့လူကမှ ခြိမ်းခြောက်တာဆိုတော့ ဒီဟာက တရားမျှတမှု မရှိဘူးလို့ ထင်တယ်။ အာဃာတနဲ့ တရားစီရင်တဲ့သဘော သက်ရောက်တယ်” ဟုပြောသည်။

“အဲလောက်ကြီး ဖြစ်ရလောက်အောင် အပြစ်ပေးရလောက်အောင် အထောက်အထားတွေက မခိုင်လုံပါဘူး။ အရင်တခေါက်က သူက နိုင်ဖူးတော့ ဒီတခေါက်ကျတော့ ပြန်ဆော်ထည့်တာ”ဟု ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှေ့နေအဖွဲ့မှ တရားရုံးလုပ်ထုံးလုပ်နည်းများဖြင့် အမှုကို အပေါ်ရုံးများအထိ အယူခံပြန်ဝင်မည်ဟု ဦးအောင်သိန်းက ဆိုသည်။ မစုစုနွေး၏ အမှုကိစ္စအတွက် အန်အယ်လ်ဒီရှေ့နေ ဦးမြင့်သောင်းက လိုက်ပါ ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ သူမအား ဆဲမှု၊ ခြိမ်းခြောက်မှုဖြင့် တရားစွဲခဲ့သည်အပေါ် မစုစုနွေးက ၎င်းအနေဖြင့်မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုခဲ့ပြီး အမှန်တရားအတွက် ထောင်ကျခံ၍ ရပ်တည်သွားမည်ဖြစ်ကြောင်း ယခုနှစ် ဇွန်လတွင် ဒီဗွီဘီသတင်းဌာနသို့ ပြောကြားခဲ့သည်။


Read More...