Friday, November 4, 2005

junta rejects su su nway's appeal

မစုစုနွေး၏ အယူခံလွှာ စစ်အစိုးရပယ်ချ
ပီတာအောင်
၎ နိုဝင်ဘာ ၂ဝဝ၅ / ၁၇း၅ဝ

မတရားထောင်ချခံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် မစုစုနွေး၏ အယူခံလွှာကို ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးက ယနေ့ပယ်ချသည်။

အဓမ္မစေခိုင်းသော ကျေးရွာအာဏာပိုင်များအားတရားစွဲဆို အနိုင်ရခဲ့သော ထန်းမနိုင်ရွာသူ မစုစုနွေးကိုဆဲဆို၊ ခြိမ်းခြောက်မှုဖြင့် အောက်တိုဘာ (၁၃) ရက်က ထောင်ဒဏ်တနှစ်ခွဲ ချမှတ်ခဲ့သည်။
တရားမျှတမှု မရှိဟုဆိုကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယမန်နေ့တွင် အယူခံလွှာ တင်သွင်းခဲ့ရာ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်တရားသူကြီး ဒေါ်နန်းစန္ဒာစန်းက ယခုပယ်ချခြင်းဖြစ်သည်။

အန်အယ်လ်ဒီ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ဒီညနေ (၃) နာရီမှာလက်မခံဘူး၊ ပလပ်လိုက်တယ်။ ဆက်ပြီးတော့ တိုင်းရုံးတွေ ဘာတွေတင်ရမယ်။ ဥပဒေလမ်းကြောင်းရှိတာတော့ အန်ကယ်တို့ ဆက်လုပ်မှာပဲ။ မူလရုံးက အပြစ်ပေးထားတာ ဥပဒေအရ မှန်ကန်မှုမရှိဘူးလို့ အန်ကယ်တို့ ယုံကြည်လို့ အယူခံလွှာ ထပ်တင်တာပါ” ဟုပြောသည်။

ယင်းသို့ ပလပ်လိုက်ခြင်းနှင့်ပတ်သက်၍ တရားရုံးက အကြောင်းပြချက်တစုံတရာ မပေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
မစုစုနွေးအတွက် အန်အယ်လ်ဒီရှေ့နေ ဦးမြင့်သောင်းနှင့် ဦးကြည်ဝင်းတို့က ဆောင်ရွက်လျက်ရှိသည်။

သူမလွတ်မြောက်ရေး ကြိုးပမ်းချက်တရပ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ကုလသမဂ္ဂလက်အောက်ခံ ‘မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့’ သို့ အောက်တိုဘာ (၁၇) ရက်တွင် အမှုတွဲ တင်သွင်းခဲ့သည်။

အမှန်တရားအတွက် သတ္တိရှိရှိရင်ဆိုင်သော မစုစုနွေးကို ဂုဏ်ပြုသည့်အလှူငွေများကို ပြည်တွင်းပြည်ပက ပေးအပ်လျက်ရှိပြီး သြစတေးလျနိုင်ငံ မဲလ်ဘုန်းတွင် အလှူငွေ ကျပ် (၁) သန်းနီးပါး ကောက်ခံရရှိနေပြီဖြစ်သည်။

Read More...