Tuesday, June 6, 2006

suu suu nway was relased after 8 months in prison

ထန်းမနိုင်ရွာသူ မစုစုနွေး လွတ်မြောက်ပြီ
NEJ / ၆ ဇွန် ၂ဝဝ၆ / ၁၈း၄၅

လူ့အခွင့်အရေးအတွက် ရဲရင့်စွာတိုက်ပွဲဝင်၍ ထင်ရှားသည့် ထန်းမနိုင်ရွာသူ မစုစုနွေးကို မြန်မာစစ်အစိုးရက အင်းစိန်ထောင်မှ ယနေ့မွန်းလွဲ (၁) နာရီကျော်၌ လွှတ်ပေးလိုက်ပြီဖြစ်သည်။
မစုစုနွေးသည် ထောင်မှလွတ်လွတ်ချင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးသို့ ရောက်ရှိလာသည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သည့် ဦးဉာဏ်ဝင်းကပြောသည်။


၎င်းက “ထောင်အရာရှိတွေ ပြောတာက ကျင့်ထုံးဥပဒေပုဒ်မ (၁ဝ၁) ပေါ့၊ နိုင်ငံတော်သမ္မတ ရဲ့ လွတ်ငြိမ်းခွင့် ပြဋ္ဌာန်းခွင့်ဥပဒေအရ သူ့ကိုလွှတ်လိုက်တယ်။ သူက ထောင်ထဲမှာ (၇) လနဲ့ (၂၃) ရက် နေခဲ့ရတယ်။ (၁ဝ) လ ကျန်သေးတယ်။ ကျန်တဲ့ ပြစ်ဒဏ်တွေကိုလည်း ပယ်ဖျက်လိုက်တယ် လို့ ပြောတယ်” ဟု ရှင်းပြသည်။

မစုစုနွေးသည် နှလုံးရောဂါအခံကြောင့် အနည်းငယ် အားနည်းသည်မှအပ ကျန်းမာသည်ကို တွေ့ရကြောင်း မစုစုနွေး၏အမှုတွင် လိုက်ပါဆောင်ရွက်ပေးခဲ့သူတဦးဖြစ်သည့် ဦးဉာဏ်ဝင်းက ပြောသည်။

မစုစုနွေးလွတ်မြောက်ခြင်းနှင့်ပတ်သက်၍ “အုပ်ချုပ်ရေးအာဏာအရ လွှတ်တယ်ဆိုတဲ့အပေါ်မှာ အန်ကယ်တို့စဉ်းစားကြည့်တာကတော့ အလုပ်သမားရေးရာတွေနဲ့ ပတ်သက်လို့ရှိရင် အာဏာပိုင်တွေက ပြုပြင်ပြောင်းလဲတဲ့ သဘောထားတွေ ရှိလာတယ်လို့ အန်ကယ်တို့ အဲဒီလောက်ပဲ တွေးလို့ရပါတယ်” ဟု ဦးဉာဏ်ဝင်းက သုံးသပ်သည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ရွာသူ အသက် (၃၄) နှစ်ရှိ မစုစုနွေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ဖြစ်ပြီး အဓမ္မခိုင်းစေသည့် ကျေးရွာအာဏာပိုင်များကို ပထမ ဦးဆုံး တရားစွဲဆို အနိုင်ရခဲ့သည်။

ထို့နောက် ထန်းမနိုင်ကျေးရွာ ဥက္ကဋ္ဌက မစုစုနွေးသည် ကျေးရွာအာဏာပိုင်များကို ဆဲဆို ခြိမ်းခြောက်သည်ဟု တရားပြန်စွဲရာ မစုစုနွေးက မဟုတ်မှန်ဟု ငြင်းဆိုသော်လည်း ယမန်နှစ် အောက်တိုဘာတွင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တရားရုံးက ထောင်ဒဏ် (၁) နှစ်ခွဲ ချမှတ်ခဲ့ပြီး အယူခံလွှာအဆင့်ဆင့်မှာလည်း ပယ်ချခံခဲ့ရသည်။

နှလုံးရောဂါရှိနေစေကာမူ အမှန်တရားအတွက် ရဲရင့်စွာရင်ဆိုင်သည့် မစုစုနွေးသည် သူမ၏ ရပ်တည်ချက်ကြောင့် ပြည်တွင်းပြည်ပမှ ထောက်ခံမမျြားရရှိခဲ့သည်။

ယခုလ (၃) ရက်နေ့၌ ပြုလုပ်သည့် အိုင်အယ်လ်အို၏ မြန်မာ့အရေးနှင့်ပတ်သက်သည့် အထူး ကြားနာပွဲတခု ပြုလုပ်ခဲ့ပြီးနောက် ယခု မစုစုနွေး လွတ်မြောက်လာခြင်းဖြစ်သည်။
ထိုဆွေးနွေးပွဲ၌ မြန်မာနိုင်ငံတွင် လုပ်အားပေးစေခိုင်းမှုများ ပပျောက်ရန် အကြံပြုချက်များကို အစိုးရက မည်မျှလိုက်နာဆောင်ရွက်မှု ရှိသည်ကို ပြန်လည်သုံးသပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်နေသည့် အဓမ္မလုပ်အားပေးခိုင်းစေမှုများ ဆက်ရှိနေသေးသည်ဟု ဆုံးဖြတ်ခဲ့သည်။

နအဖစစ်အစိုးရကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးညွန့်မောင်ရှိန်က မြန်မာနိုင်ငံတွင် အဓမ္မ လုပ်အားပေးခိုင်းစေမှုနှင့် ပတ်သက်သည့် တိုင်ကြားသူများအား အရေးယူအပြစ်ပေးမှုများကို (၆) လ ဆိုင်းငံ့ပေးရန် အာဏာပိုင်များက အသင့်ရှိကြောင်း ထိုဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်ဟု သိရသည်။
စစ်အစိုးရက တိုင်တန်းသူများကို အရေးယူအပြစ်ပေးမည့် ကိစ္စများကို ရပ်ဆိုင်းထားရုံသာ မကဘဲ ယင်းကိစ္စကြောင့် ထောင်ချထားသူများကိုလည်း လွှတ်ပေးရန်လိုအပ်မည်ဟု အိုင်အယ်လ်အိုက ပြန်လည်တင်ပြခဲ့ကြောင်းသိရသည်။


Read More...