Tuesday, May 8, 2007

Daw Suu T Shirt

ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသော အင်္ကျီ ဝတ်လျှင် ဘုရားတက်ခွင့်မပြု
Kaowao မေ ၈၊ ၂၀၀၇

ဒီနေ့ မနက် ၁၀ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသော အင်္ကျီကို ဝတ်ပြီး ရွှေတိဂုံဘုရားတက်လာသော အမျိုးသမီး ၇ ဦးကို ဘုရားဂေါပကတွေက တက်ခွင့်တားမြစ်လိုက်သည်။

အဆိုပါအမျိုးသမီး ၇ ဦးထဲတွင် မစုစုနွေး၊ ဒေါ်အုန်းလှတို့လည်း ပါဝင်ကြောင်း ရန်ကုန်မှလာသောသတင်းအရ သိရသည်။

“ဂေါပကတွေကတော့ ဘုရားပေါ် တက်ချင်ရင် ဒေါ်အောင်ဆန်းစုကြည်ပုံပါအင်္ကျီကို ချွတ်ဖို့ တောင်းဆိုပါတယ်။ အမျိုးသမီးတွေကတော့ ပထမမှာ တင်းခံပေမဲ့ နောက်ပိုင်းမှာ အလျော့ပေးလိုက်ကြတယ်”ဟု နီးစပ်သူတစ်ဦး ပြောကြားသည်။

ဒေါ်အုန်းလှသည် အင်္ဂါနေ့တိုင်း ရွှေတိဂုံဘုရား၏ အင်္ဂါထောင့်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပါတ်စဉ် ဆုတောင်းနေကျဖြစ်သည်။ ယခင်က ဆုတောင်းရာမှာ ရွှေတိဂုံဘုရားဂေါပကတွေနဲ့ မကြာခဏ ပြဿနာတက်ခဲ့ဖူးကြောင်း သိရသည်။

လွန်ခဲ့သောအပတ်က မစုစုနွေးသည် ဒေါ်အောင်ဆန်းစုကြည် ပုံပါသော အင်္ကျီ ဝတ်ပြီး ဆူးလေဘုရားတွင် ဆုတောင်းခဲ့သည်။

Read More...