Thursday, December 7, 2006

John Humphrey award goes to Su Su Nway

မစုစုနွေးအား John Humphrey ဆု ချီးမြှင့်တဲ့ အခမ်းအနား ကနေဒါနိုင်ငံတွင် ကျင်းပပြုလုပ်
ဗွီအိုအေ
၇ ဒီဇင်ဘာ ၂ဝဝ၆

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို ပြန်ပြီး တရားစွဲဆိုခဲ့သူ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာသူ မစုစုနွေးကို ကနေဒါနိုင်ငံ အခြေစိုက် Human Rights and Democracy လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအဖွဲ့ကြီးက ဂျွန်ဟန်ဖရီ
လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။ ကျနော်တို့ အခု အသံလွှင့်နေတဲ့အချိန်မှာ အဲဒီ ဆုပေးပွဲ အခမ်းအနားကို ကျင်းပနေဆဲပဲ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားနဲ့ ဆက်သွယ်ပြီးတော့ ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အခု ကျနော်တို့ အသံလွှင့်နေတဲ့အချိန်မှာပဲ ကနေဒါနိုင်ငံ အော်တဝါမြို့
စီဗယ်လိုက်ဇေးရှင်း ပြတိုက်ခန်းမမှာ ဆုပေးပွဲအခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။
ကနေဒါ စံတော်ချိန် ညနေ ခြောက်နာရီခွဲ၊ မြန်မာ နိုင်ငံမှာ ဒီဇင်ဘာ ၇ ရက်၊ ကြာသာပတေးနေ့ မနက်အချိန်မှာပါ၊ ဒီအခမ်းအနားမှာ ရောက်ရှိနေတဲ့ ဗွီအိုအေမြန်မာပိုင်းအစီအစဉ် သတင်းထောက် ဦးကျော်မိုးကို ကျနော်တို့ ဆက်သွယ်မေးကြည့်ပါမယ်။

“အော်တဝါမြို့ရဲ့ စီဗယ်လိုက်ဇေးရှင်း ပြတိုက်မှာပေါ့နော် ဒါဟာ မြို့မျက်နှာဖုံးခန်းမကြီးမှာ
အဖွဲ့ဥက္ကဌ နဲ့ နိုင်ငံခြားရေးဌာနက အရာရှိတွေ၊ နောက် ကနေဒါမှာ မြန်မာ့အရေးကို လုပ်နေတဲ့
အလုပ်သမားသမဂတွေ ပုဂိုလ်တွေလည်း လာကြပါတယ်။ ကနေဒါ အော်တဝါမြို့မှာရှိတဲ့ မြန်မာ
မိသားစုတွေကလည်း ဒီမှာ အိုးစည်ဒိုးပတ်ဝိုင်းနဲ့ အငြိမ့်တွေ၊ မယ်ဒလင်တွေနဲ့ ဧည့်ခံပွဲ လုပ်ကြပါတယ်။

အဲတော့ ဒီနေ့က ကျတော့ မြန်မာပြည်နဲ့ ပတ်သက်လို့ စုစုနွေးရဲ့ သတ္တိကို ချီးမွမ်းတဲ့အပြင် တချိန်တည်းမှာပဲ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကို ကနေဒါနိုင်ငံရဲ့ နာမည်အကြီးဆုံး စီဗယ်လိုက်ဇေးရှင်း ပြတိုက်မှာ ပြသခွင့်ရတဲ့နေ့ဆိုတော့ တက်တက်ကြွကြွ ဖြစ်နေကြတယ်။ ”

ကိုကျော်မိုး ပြောပြသွားတာပါ။

ဂျွန်ဟန်ဖရီ လူ့အခွင့်အရေးဆုဟာ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် ရုန်းကန်လှုပ်ရှားသူတွေ၊
တသီးပုဂလနဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်ချီးမြင့်တဲ့ ဆု ဖြစ်ပါတယ်။ ကုလသမဂ လူ့အခွင့်အရေးဆိုင်ရာ ပဋိဉာဉ်စာတမ်း ရဲ့ ပထမမူကြမ်းကို ပြင်ဆင်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေပါမောက္ခ ဂျွန် ပီတာ ဟန်ဖရီ ကို ဂုဏ်ပြုပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အဖွဲ့ကြီးက
နှစ်စဉ် ဆု ချီးမြှင့်တာ ဖြစ်ပါတယ်။

ဒီ ဆုပေးပွဲ မကျင်းပခင် နာရီပိုင်းကပဲ အဖွဲ့ကြီးရဲ့ ဥက္ကဌ မစ္စတာ ဂျင်းလူစီရေး
ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ သူက ဒီနှစ်အတွက် ကမ္ဘာတဝှမ်း က
ဆုပေးထိုက်တယ် ဆိုပြီး အဆိုပြုတဲ့သူ ၁၂ဝ ရှိခဲ့တဲ့အထဲက သေချာစီစစ်ပြီး မြန်မာနိုင်ငံက မစုစုနွေးကို ဆုချီးမြှင့်ခဲ့တာ လို့ ပြောပါတယ်။ ဒါ့အပြင် -

“ဒီနှစ်ဆယ့်တစ်ရာစုမှာ အဓမ္မ လုပ်အားပေးခိုင်းစေတာတွေကို ဆန့်ကျင်တိုက်ပွဲဝင်တာတွေဟာ သိပ်ကို အံ့သြချီးကျုးဖို့ ကောင်းပါတယ်။ ဒီလို တိုက်ပွဲဝင်တာကို ကျနော်တို့က အသိအမှတ်ပြုပါတယ်။ တချိန်တည်းမှာ ကမ္ဘာတဝှမ်းမှာ သန်းနဲ့ချီတဲ့သူတွေ သူတို့ရဲ့ အခွင့်အရေးအတွက် အဓမ္မ လုပ်အားပေးစေခိုင်းမှုတွေ ကြားထဲက တိုက်ပွဲဝင်နေတယ်ဆိုတာကို ကျနော်တို့ကို သတိရစေပါတယ်” လို့ မစ္စတာ ဂျင်းလူစီရေး က ပြောသွားတာပါ။

တောင်အာဖရိက ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု၊ လက်တင်အမေရိကနဲ့ အာဖရိကတိုက်နိုင်ငံတွေမှာ ရုန်းကန် လှုပ်ရှားခဲ့တဲ့ ဒီမိုကရေစီရေးတိုင်း ကျဆုံးခဲ့တာ မရှိပါဘူး။ မြန်မာပြည်သူတွေ မလွှဲမသွေအောင်ပွဲရရမှာပါလို့ သူက ဖြေပါတယ်။ ဒါ့အပြင် -
“အဆုံးမှာ လွတ်မြောက်ရေးဆိုတာ သေနတ်နဲ့ခြိမ်းခြောက်မှုထက် ပိုပြီး ခိုင်မာပါတယ်။ မြန်မာပြည်သူတွေရဲ့ လွတ်မြောက်ရေးအတွက် လှုပ်ရှားနေတာကို ကျနော်တို့က သိလို့ မစုစုနွေးကို အခုလို ဆုချီးမြင့်တာပါ။ ကျနော်တို့နဲ့အတူ ကမ္ဘာပြည်သူတွေ အတူတကွ ရှိနေပါတယ်။ မြန်မာ့အရေးကို အစွမ်းကုန်ကူညီနိုင်ဖို့ နည်းလမ်းတွေ ရှာကြမှာပါ။ မြန်မာပြည်လို လူတွေ သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ထွက်ပြေးပြီး ရွာတွေ ထောင်နဲ့ချီ ဖျက်ဆီးခံနေရတာတွေဟာ ဒီနေ့ခေတ်မှာ မရှိသင့်တော့ပါဘူး။ လူ့ယဉ်ကျေးမှုနိမ့်ကျတဲ့ အလယ်ခေတ်မှာ ကျန်ခဲ့သင့်ပါပြီ” လို့ ပြောဆိုသွားတာပါ။

ဆုပေးပွဲအခမ်းအနားကို ရောက်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကလဲ မစုစုနွေးကို ဆု ချီးမြှင့်တဲ့အပေါ် အခုလို ပြောပါတယ်။
“မစုစုနွေးရဲ့လုပ်ဆောင်ချက်တွေ၊ သူ့ရဲ့ ပြည်သူလူထုဘက်က ရပ်တည်တယ်။ အဲဒီတော့ ကျနော်တို့အားလုံးဟာ ဂုဏ်ယူရမယ်။ ကျနော်တို့ ဒီမှာဆိုရင် အကြီးအကျယ်ပဲ ကျနော်တို့ ဒီမှာ ခန်းမထဲမှာ ရောက်နေတယ်။ ကနေဒါမှာ ဆု ပေးပွဲကို အကြီးအကျယ် လုပ်ဆောင်ရမှာ။ ကျနော်တို့အနေနဲ့ အများကြီး ဂုဏ်ယူပါတယ်။”

ဒေါက်တာစိန်ဝင်း ပြောဆိုသွားတာပါ။ ကနေဒါနိုင်ငံ မြန်မာ့မိတ်ဆွေများအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ
ဦးတင်မောင်ထူး ကလဲ အခုလို မစုစုနွေးကို ဆုချီးမြှင့်တဲ့အတွက် ကနေဒါနိုင်ငံအတွင်းမှာ မြန်မာ့အရေးကို စိတ်ဝင်စားလာကြတယ်လို့ ပြောပါတယ်။

“ကနေဒါမှာ ဒီဆုကို ပေးလိုက်တာနဲ့ တချိန်တည်းမှာပဲ ကနေဒါ ပြည်သူတွေအနေနဲ့ ပိုပြီးတော့ မြန်မာပြည်ရဲ့ အခြေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပိုပြီးတော့ သိရှိလာစေတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ ရက်ပိုင်းအတွင်းမှာဆိုရင် ကနေဒါမီဒီယာ တော်တော်များများ မစုစုနွေးနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ရေးကြတာတွေ့ရပါတယ်။”
ဦးတင်မောင်ထူးပြောပြသွားတာပါ။ ဒီအဖွဲ့ကြီးရဲ့ အင်တာနက်စာမျက်နှာမှာတော့ ကနေဒါနိုင်ငံကို လာရောက်နိုင်ခြင်း မရှိတဲ့အကြောင်း၊ မစုစုနွေးပြောထားတဲ့ စကားတွေကို ပြန်ပြီး ဖော်ပြထားပါတယ်။ မြန်မာပြည် ဒီမိုကရေစီရတဲ့အချိန် လာခဲ့မယ်လို့ ပြောလိုက်ပါဆိုတဲ့ အမှာစကားနဲ့အတူ မစုစုနွေးရဲ့ အကြောင်းတွေကို ဖော်ပြထားတာပါ။


Read More...