Friday, March 24, 2006

last appeal

မစုစုနွေးလွတ်မြောက်ရေးနောက်ဆုံးအယူခံလွှာတင်သွင်း
ပီတာအောင်
၂၄ မတ် ၂ဝဝ၆ / ၁၉းဝဝ


ထောင်ဒဏ်ကျခံနေရသည့် ထန်းမနိုင်ရွာသူ မစုစုနွေးအမှု၏ နောက်ဆုံး အထူးအယူခံကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုတရားရုံးတွင် ယနေ့တင်သွင်းလိုက်သည်။
အန်အယ်လ်ဒီ ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ဗဟိုတရားရုံးရဲ့ အထူးအယူခံကို ဒီကနေ့ တင်ပါတယ်။ ဒါ နောက်ဆုံးအယူခံပါ။ ဒါနောက်ဆုံးအဆင့်ပါပဲ” ဟုပြောသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ရွာမှ အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် မစုစုနွေးသည် ကားလမ်းဖောက်ရန် အဓမ္မစေခိုင်းသည့် ကျေးရွာအာဏာပိုင်များကို ၂ဝဝ၄ ခုတွင် တရားစွဲဆို အနိုင်ရခဲ့ပြီး ထိုအာဏာပိုင်များမှာ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသည်။

အာဏာပိုင်များကို ဆဲဆိုခြိမ်းခြောက်သည်ဆိုကာ မစုစုနွေးကို ယမန်နှစ် အောက်တိုဘာတွင် ထောင်ဒဏ် (၁) နှစ်ခွဲ အပြစ်ပေးခဲ့သည်။

ယင်းအမှုသည် တရားမျှတမှုမရှိဟုဆိုကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခရိုင်၊ တိုင်းနှင့် ဗဟိုတရားရုံးအဆင့်ဆင့်တွင် အယူခံ လျှောက်ထားခဲ့ရာ ပယ်ချခံခဲ့ရပြီး ဗဟိုတရားရုံးက ဖေဖော်ဝါရီလဆန်းတွင် ထပ် မံပယ်ချခဲ့သည်။

လျှောက်ထားချက်ကို ဗဟိုတရားရုံးက လက်ခံမည်၊ လက်မခံမည်ကို ကြိုတင်မှတ်ချက် မပေးလိုကြောင်း၊ ယင်းအမှုသည် တမင်တကာ ဖန်တီးထားသည့်အမှုဖြစ်ပြီး အာဏာပိုင်များဘက်မှ သက်သေထွက်ချက်များ မခိုင်လုံသည့်အချက်ပေါ် မူတည်၍ ဥပဒေကြောင်းအရ ဆက်လက် အယူခံ တင်ပြနေခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ယခုတင်ထားသည့် အထူးအယူခံလွှာအား ဗဟိုတရားရုံးက လက်ခံခြင်းရှိမရှိ ရုံးချိန်းကို တလအတွင်း သိရမည်ဖြစ်သည်။
ဦးဉာဏ်ဝင်းက “ရုံးချိန်းပေါ်တဲ့အခါမှာ လက်ခံထိုက်တယ်ဆိုတဲ့အကြောင်းကို ကျနော်တို့က သွားပြီးလျှောက်လဲချက်ပေးမယ်။ အဲဒီမှာ အဆုံးအဖြတ်ပေးမယ်။ လက်မခံထိုက်ဘူးလို့ ဆုံးဖြတ်ရင် ပြီးသွားပြီပေါ့။ လက်ခံမယ်ဆိုရင်တော့ တဖက်က အစိုးရ၊ တဖက်က မစုစုနွေးတို့ လျှောက်လဲချက် ပေးရမှာပါ” ဟုပြောသည်။

အင်းစိန်ထောင်တွင် အကျဉ်းကျနေသော နှလုံးရောဂါဝေဒနာသည် မစုစုနွေးသည် လက်ရှိအချိန်၌ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အကျဉ်းကျစက ထောင်တွင်းပို့ခွင့်ပိတ်ပင်ထားသည့်ဆေးဝါးများကို ပြန်လည်ခွင့်ပြုထားကြောင်း သိရသည်။
မစုစုနွေးအတွက် အန်အယ်လ်ဒီမှ ရှေ့နေဦးမြင့်သောင်းနှင့် ဦးကြည်ဝင်းတို့က ဆောင်ရွက်လျက်ရှိသည်။

Read More...