Tuesday, November 13, 2007

su su nway and bo bo win hlaing were arrested

စစ်အစိုးရ ဆန်‹ကျင်ရေး ပိုစတာကပ်သူ မစုစုနွေးနှင့် ဘိုဘိုဝင်းလှိုင်ကို ဖမ်းမိ
ဒီဗွီဘီ ၊ ၁၃ ၊ နိုဝင်ဘာ ၊ ၂ဝဝ၇

ဒီနေ့ မနက် (၆) နာရီလောက်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ မြရိပ်ညို ရွိုင်ရယ် ဟိုတယ်မှာ စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာကပ်တဲ့ မစုစုနွေး အပါအဝင် သုံးဦးအနက် ဘိုဘိုဝင်းလှိုင်ကို အာဏာပိုင်တွေက ဖမ်းမိသွားတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘိုဘိုဝင်းလှိုင်ရဲ့ မိခင် ဒေါ်နီနီလှိုင်က အခုလို ပြောပြထားပါတယ်။

“သူနဲ့ ပါသွားတဲ့ ကလေး တယောက်ကနေပြီးတော့ ပြန်လာ ပြောတယ်လေ။ မနက်ကတုန်းက ပါသွားပြီး မြရိပ်ညို ဟိုတယ် ရှေ့မှာလို့ ပြောတယ်။ အလုပ်တခု သူတို့ အဲဒီမှာ သွားလုပ်ကြတာ။ စာသွားရေး တော့ အဖမ်းခံထိတာတော့ သူတယောက်ထဲလို့ ကြားတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ လွတ်သွားတယ်။ စုစုနွေးနဲ့ ကိုကိုအောင် လွတ်သွားတယ်။ အဲဒါ သူတို့ နှစ်ယောက်ကနေ သတင်းပြန်ပို့လို့ ကျမ ကြားရတာ။ သူ အဲဒါ ဘာရေးတယ်ဆိုတာတော့ ကျမ မသိဘူးလေ။ သားသမီး တယောက်အတွက်တော့ ကျမ ပူပင်သောက ရောက်မိပါတယ်။ ဒါပေမဲ့ ကျမ ဂုဏ်ယူတယ်လေ။ လူအများစုအတွက်ကို လုပ်နေတဲ့အတွက် ကျမတို့ ဂုဏ်ယူပါတယ် သားတို့ အတွက်ကို စိုးရိမ်တာက သူက ကျန်းမာရေးက မကောင်းဘူးလေ။ အရင်တခါလဲ ပြန်ထွက်လာတော့ သူ တော်တော်လေး ကုယူရတယ်။ အခုတခါလဲ ထိတယ်ဆိုတော့ သူ့အတွက် ကျန်းမာရေးအတွက်ပဲ ပူပင်တယ်။ ကျန်တာတော့ ကျမသူ့ကို မိခင် တယောက် အနေနဲ့တော့ သောက ရောက်တယ်။ သူ့အတွက်ကို ကျန်တာတော့ ကျမ မပြောလိုတော့ပါဘူး။”

ဒါကတော့ အခု မနက်ပိုင်းက အဖမ်းဆီးခံလိုက်ရတဲ့ ဘိုဘိုဝင်းလှိုင်ရဲ့ မိခင် ဒေါ်နီနီလှိုင် က ပြောပြသွားတာ ဖြစ်ပါတယ်။ ဒီကနေ့ မနက် ဆောင်ရွက်ခဲ့သူ (၃) ဦးကတော့ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ ကိုဘိုဘို ဝင်းလှိုင်နဲ့ တက္ကသိုလ်ကျောင်းသား ကိုကိုဝင်းလှိုင်တို့ ဖြစ်ပါတယ်။ ဘိုဘိုဝင်းလှိုင်က ချော်လဲပြီး ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

အခု အဖမ်းခံရတဲ့ ဘိုဘိုဝင်းလှိုင်ဟာ ရန်ကုန်တိုင်း ဒေါပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ သူဟာ လှည်းတန်းက လောင်စာဆီ ဈေးနှုန်းကျဆင်းရေး လမ်းလျှောက် ဆန္ဒပြပွဲ တုန်းကလဲ တကြိမ် အဖမ်းခံခဲ့ရပြီး၊ တလလောက် ထိန်းသိမ်းရေး စခန်းတခုမှာ နေထိုင်ခဲ့ရပါတယ်။ ကိုကိုအောင်ကတော့ လမ်းလျှောက် ဆန္ဒပြပွဲနဲ့ ဆက်စပ် ဖမ်းဆီးခံထားရတဲ့ ဒေါပုံမြို့နယ် အဖွဲ့ချုပ် စည်းရုံးရေး ကော်မတီဝင် ဦးကြင်လှိုင်ရဲ့သား ဖြစ်ပါတယ်။ သူ ရှောင်တိမ်း လွတ်မြောက်ခဲ့ပေမဲ့ ကိုကိုအောင် နေထိုင်ရာအိမ်ကို ထောက်လှမ်ရေး ရဲတွေက အခု မနက်ပိုင်းကနေ တောက်လျှောက် လာရောက် ရှာဖွေ နေကြတယ်လို့လဲ ကိုကိုအောင်ရဲ့ မိခင်၊ ကိုကိုအောင်ရဲ့ အဒေါ်ဖြစ်သူ မသန္တာဝင်းက အခုလို ပြောပြပါတယ်။

“ဘာအတွက်ရယ်လို့တော့ မမေးဘူးပေါ့နော်၊ လမ်းထဲကလူကို မေးတယ်။ ကိုကိုအောင်ကို သိလားပေါ့။ လမ်းထဲကလူကို မေးတယ်။ ချိန်းထားတဲ့ လူတယောက်က ခေါ်ခိုင်းလို့ လို့ အဲဒီလိုပြောတယ်။ အဲဒီ လူကလဲ ကိုကိုအောင်ဆိုတာ မသိဘူးပေါ့နော်၊ ကြားလဲ မကြားဖူးဘူး ဆိုပြီးတော့ အဲဒီလို ပြန်ပြောလိုက်တယ်။ ကိုကိုအောင်ကလဲ လိုပါတယ်။ ကိုကိုအောင်က ဘယ်လိုလဲဆိုတော့ သူ ကျူရှင်တက်နေတာတွေ၊ သူ သင်တန်းတက်နေတာတွေ၊ စာအုပ်စာတမ်းတွေ၊ စာရွက်တွေ၊ လွယ်အိတ် တွေက အကုန် ပါသွားတယ်။ ကားပေါ်မှာ ကျန်ခဲ့တယ်လို့ ပြောတယ်။ လူကတော့ လွတ်လာခဲ့တယ်။ ကိုကိုအောင် ရှောင်နေရတယ်။ ရဲတွေ ကတော့ သူတို့ ဘယ်လိုလဲဆိုတော့ ဘက်ဖက်ရည်ဆိုင်တွေမှာ ထိုင်တယ်၊ ရဆကသအးမ္မာ±ုံတွေမှာ စောင့်နေတယ်။ လမ်းထိပ်တွေမှာ စောင့်နေတယ်ပေါ့နော်။ ဒါပေမဲ့ ရာအိမ်မှူးအိမ်ကိုတော့ ဟန်းဖုန်းနဲ့ အဲဒီ (Informer) သတင်းလာ ပေးတယ်ပေါ့နော်။”

ဒါကတော့ ဒီကနေ့ မနက်ပိုင်းက စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာ ကပ်ဖို့ ကြိုးစားတာကြောင့် ရှောင်တိမ်းနေရတဲ့ ကိုကိုအောင်ရဲ့ အဒေါ် မသန္တာဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။ နောက်ဆုံးရရှိတဲ့ အတည် မပြုနိုင်သေးတဲ့ သတင်းတခုကတော့ မစုစုနွေးဟာ ကားနဲ့ ထွက်ပြေးစဉ် ကုက္ကိုင်းလမ်းဆုံမှာ ဖမ်းဆီးခံရတယ်လို့လဲ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ် မြန်မာ့အသံက အတည်ပြုချက် ရရှိဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

Read More...

su su nway was detained

မစုစုနွေးနှင့် ဦးဂမ္ဘီရ အဖမ်းခံရ
ကိုသက် irrawaddy နိုဝင်ဘာ ၁၃၊ ၂၀၀၇

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့လယ်တနေရာတွင် အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင် မစုစုနွေးနှင့် လူငယ် ၂ ဦး အဖမ်းခံရ ကြောင်း စုံစမ်းသိရှိရသည်။

မစုစုနွေးသည် ရန်ကုန်မြို့လယ်ရှိ အာဏာပိုင်တို့စိုက်ထူထားသည့် အမေရိကန် ဆန့်ကျင်ရေးဆိုင်းဘုတ်တွင် စစ်အစိုးရဆန့်ကျင်စာကပ်ရန်သွားစဉ် အဖမ်းခံရ ခြင်းဖြစ်သည်ဟု မစုစုနွေးနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

မစုစုနွေးသည် သြဂုတ်လအတွင်း ရန်ကုန်တွင်ပြုလုပ်သည့် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်း နေရသူ ဖြစ်သည်။

လွန်ခဲ့သည့်လကုန်ပိုင်းမှစ၍ မစုစုနွေးသည် ရန်ကုန်မြို့အတွင်းရှိ စစ်အစိုးရ၏ အကြမ်းဖက်မှုကြောင့် သွေးမြေကျခဲ့သည့် နေရာများတွင် လွမ်းသူ့ပန်းခြင်းချ ခြင်းနှင့် နိုင်ငံရေးအန်တုသည့် လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

လွန်ခဲ့သည့်အပတ်ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်သံဃာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရအား အာဏာပိုင်တို့က ဖမ်းဆီးလိုက်သည်။

အရှင်ဂမ္ဘီရသည် စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲများနှင့် ဆန္ဒပြလှုပ်ရှား မှုများကို ဦးဆောင်ခဲ့သောကြောင့် ၎င်းအား စစ်အစိုးရက အပူတပြင်းလိုက်လံရှာဖွေခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုးသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည်ပြီးပြီး ရန်ကုန်ရှိ ရွှေတိဂုံဘုရား၊ အင်းစိန်ထောင်နှင့် ဘုန်းကြီးကျောင်းများသို့ လိုက်လံစုံစမ်း နေစဉ်ကာလအတွင်း စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းမှုများကို ဆက်လက်ပြုလုပ်နေခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “မစ္စတာ ပီညဲရိုး လာသည်ဖြစ်စေ၊ မစ္စတာ ဂန်ဘာရီ လာသည်ဖြစ်စေ သူတို့ (အာဏာပိုင်) ကတော့ သဲကြီးမဲကြီး လိုချင်နေတဲ့သူတွေ၊ သူတို့ကို အန္တရယ်ပေးလာနိုင်တယ်လို့ ယူဆထားသူတွေကိုတွေ့ရင် ဖမ်းမှာကတော့ သေချာတယ်” ဟု ဧရာဝတီကို ပြောသည်။

မစုစုနွေးသည် အဓမ္မလုပ်အားပေးခိုင်းဆိုမှုနှင့် အဓမ္မငွေကြေးကောက်ခံမှုများကြောင့် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဌနှင့် ဆယ်အိမ်မှူးများကို တရားစွဲဆိုခဲ့ရာ အာဏာပိုင်တို့အား ခြိမ်းခြောက်ကြိမ်းဝါး သည်ဟူသည့် စွပ်စွဲချက်ဖြင့် ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံရသည်။ သူမအား ထောင်ဒဏ် တနှစ်ခွဲချမှတ်ခဲ့ရာ ၇ လ အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

ယခုနှစ် မေလအတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုကို ဦးဆောင် ခဲ့ရာ ဒုတိယအကြိမ် အဖမ်းခံခဲ့ရပြီး ဇွန်လတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အထိန်းသိမ်းခံဘ၀မှ လွတ်မြောက်လာ သည့် မစုစုနွေးသည် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများကို တက်ကြွစွာပါဝင် ခဲ့ရင်း တတိယအကြိမ် အဖမ်းခံရခြင်း ဖြစ်သည်။

မစုစုနွေးသည် မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ်ကာလ အတွင်း ခွဲစိတ်ကုသမှုတကြိမ်ပြုလုပ်ခဲ့ရသည်။

လွန်ခဲ့သည့်လကုန်ပိုင်းတွင် ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့စဉ် မစုစုနွေးက “ကျမခွဲစိတ်ပြီးတော့ ဆေးရုံမှာတညလောက်ဆက်နေရမှာကို ကျန်းမာရေး ၀န်ထမ်းတွေ ထိခိုက်မှာစိုးလို့ သတိရတာနဲ့ပြန်ဆင်းခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့လည်း ဆေးဆက်မသွင်းနိုင်လို့ ကျမတော်တော်လေး ဒုက္ခရောက်ရပါတယ်။ ကျမလိုပဲ ထွက်ပြေး တိမ်းရှောင်နေရသူတွေဟာလည်း တော်တော်လေး ဒုက္ခရောက်ကြပါတယ်” ဟု ပြောဆိုခဲ့သည်။

Read More...

Monday, November 5, 2007

su su nway in Ba Han police department detention centre

မစုစုနွေး အစာငတ်ခံဆန္ဒပြ
ကိုသက် irrawaddy, နိုဝင်ဘာ ၁၅၊ ၂၀၀၇

အဖမ်းခံထားရသော အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင်တဦးဖြစ်သည့် မစုစုနွေးသည် ရန်ကုန်မြို့ ဗဟန်းရဲစခန်း၌ ယမန်နေ့မှစ၍ အစာငတ်ခံဆန္ဒပြလျက်ရှိသည်ဟု သိရသည်။


နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အာဏာပိုင်တို့စိုက်ထူထားသည့် “အမေရိကန် အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” ဟုသည့်ဆိုင်းဘုတ်တွင် စစ်အစိုးရဆန့်ကျင်ရေး ပိုစတာချိတ်စွဲစဉ် အဖမ်းခံရခြင်း ဖြစ်သည်။

မစုစုနွေးသည် သြဂုတ်လအတွင်း ရန်ကုန်တွင်ပြုလုပ်သည့် ကုန်ဈေးနှုန်းနှင့် လောင်စာ ဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သူတဦး ဖြစ်ပြီး စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်း နေခဲ့ရသည်။

လွန်ခဲ့သည့်လကုန်ပိုင်းမှစ၍ မစုစုနွေးသည် ရန်ကုန်မြို့အတွင်းရှိ စစ်အစိုးရ၏ အကြမ်းဖက်မှုကြောင့် သွေးမြေကျခဲ့သည့် နေရာများတွင် လွမ်းသူ့ပန်းခြင်းချ ခြင်းနှင့် နိုင်ငံရေးအန်တုသည့် လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “hunger strike လုပ်တယ်ဆိုတာ သာမန် ကျန်းမာရေးကောင်းတဲ့သူတွေတောင်မှ တော်တော်ကိုဖြတ်ကျော် ရတဲ့ကိစ္စဖြစ်တယ်။ မစုစုနွေးလို နှလုံးရောဂါရှိတဲ့သူအတွက် အင်မတန်စိုးရိမ်စရာကောင်းတယ်။ အသက်အန္တရာယ်ကို စိန်ခေါ်လာနိုင်တယ်” ဟု ပြောသည်။

နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် အပါအ၀င် လူ့အခွင့်အရေးအဖွဲ့အစည်းအသီးသီးက မစုစုနွေး ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိသည်ဟုလည်း ဦးတိတ်နိုင်က ပြောသည်။

ယမန်နေ့ကထုတ်ပြန်သည့် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်၏ ကြေညာချက်တွင် မစုစုနွေးနှင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ အန်အယ်လ်ဒီ တွဲဖက်အတွင်းရေးမှူး ကိုမင်းအောင်တို့ကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

“မစ္စတာ ပီညဲရိုး အနေနဲ့ မစုစုနွေးရှိနေတဲ့ ဗဟန်းရဲစခန်းမှာ သွားရောက်တွေ့ဆုံခွင့်ရဖို့ နအဖကိုတရားဝင် တောင်းဆိုပြီး သွားရောက်ကြည့်ရှုသင့်တယ်လို့မြင်တယ်။ မစုစုနွေး လွတ်မြောက်ရေးကိုလည်း တောင်းဆိုသင့်တယ်လို့ မြင်ပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပေါ်လို ဆာဂျီယို ပီညဲရိုးသည် ယခုလ ၁၁ ရက်နေ့တွင် မြန်မာ နိုင်ငံသို့ ၅ ရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေသည်။

Read More...

Saturday, October 27, 2007

su su nway lays a wreath in Rgn

စုစုနွေးက တကိုယ်တော် ပန်းခြင်းချ
ဒီဗွီဘီ ၊ ၂၇ ၊ အောက်တိုဘာ ၊ ၂ဝဝ၇

နအဖစစ်အစိုးရရဲ့ အကြမ်းဖက်သတ်ဖြတ်မူကြောင့် သေဆုံးခဲ့ရတဲ့ ဂျပန် သတင်းထောက် မစ္စတာ နာဂါအိ အပါအဝင် ရဟန်းရှင်လူပြည်သူတွေအတွက် ရည်စူး ပြီး မစုစုနွေးက ဒီကနေ့ မနက်အစောပိုင်းက တလပြည့်အထိမ်းအမှတ် လွမ်းသူ့ပန်းခြင်း ချခဲ့ပါတယ်။

ဂျပန်သတင်းထောက်နဲ့ လူထုကို ပစ်သတ်ခဲ့တဲ့ အနော်ရထာလမ်းမပေါ်မှာ လွမ်းသူ ပန်းခြင်းချခဲ့တာပါ။ ကျောက်တံတားမြို့နယ် နယ်မြေခံရဲနဲ့ သတင်းတပ်ဖွဲ့တွေ ချထားတဲ့ကြားက လျှပ်တပြတ်ပြုလုပ်ခဲ့တာလို့ မစုစုနွေးက ပြောပါတယ်။ လုံခြုံရေး အခြေအနေအရ တကိုယ်တော်ပဲ သွားရောက်လုပ်နိုင်ခဲ့တယ်ဆိုပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့ နေရာတချို့မှာလဲ အလားတူ လွမ်းသူ့ပန်းခြင်းချတာတွေ လုပ်နိုင်ခဲ့ပါတယ်လို့လဲ မစုစုနွေးက ပြောပြသွားပါတယ်။

ဒီဗွီဘီက စုံစမ်းသိရသလောက် ဗကသများအဖွဲ့ချူပ်ဝင်တချို့ကလဲ ရန်ကုန်မြို့နေရာတချို့မှာ တလပြည့် လွမ်းသူ့ပန်း ခြင်းတွေ အထိမ်းအမှတ်စာရွက်တွေ ဖြန့် ဝေခဲ့တယ်လို့ သိရပါတယ်။

Read More...

Saturday, September 15, 2007

appeal to the people

မစုစုနွေးမှ မြန်မာပြည်သူများသို့ တိုက်တွန်းပန်ကြားချက်
ဒီဗွီဘီ ၊ ၁၅ ၊ စက်တင်ဘာ ၊ ၂ဝဝ၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူ့အခွင့်အရေး လှုပ်ရှားနေသူ စုစုနွေးမှ ပြည်သူသို့ ဒီကနေ့ နေ့စွဲနဲ့ ပန်ကြားချက်တစောင် ပေးပို့လိုက်ပါတယ်။

ကျမတို့ရဲ့ နိုင်ငံတွင်း လက်ရှိကာလအတွင်းမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေ၊ (၈၈) မျိုးဆက် ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေ၊ ရဟန်းသံဃာတွေရဲ့ လှုပ်ရှားမှုတွေဟာ ဒီနေ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဘဝကို ကိုယ်စားðပတယ်ဆိုတာကို နအဖ စစ်ခေါင်းဆောင်တွေလဲ သိသလို၊ ပြည်သူ လူထုကြီးလဲ သိတယ်ဆိုတာ ကျမတို့ အနေနဲ့ အထူးပြောစရာ မလိုတဲ့ကိစ္စတခုပါ။

ကိုယ့်ရဲ့ ရပိုင်ခွင့်အခွင့်အရေး နဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေမှာ ဘယ်သူတွေက စည်းကမ်းမဲ့ပြီး ဘယ်သူတွေက စည်းကမ်းရှိတာလဲ။ ဘယ်သူတွေက ငြိမ်းချမ်းရေးကို မျှော်လင့်နေတာလဲ ဆိုတာ ပြည်သူလူထုရဲ့ ရင်ထဲမှာ သိရှိပြီးသား ဖြစ်မယ်ဆိုတာကို ကျမပြောချင်ပါတယ်။ Human Rights Declaration အပိုဒ်(၂၁) အရ အုပ်ချုပ်မှုရဲ့ အရဆကသအိးပ္ပါယ်ကို ပြည်သူ လူထုရဲ့ဆန္ဒဟာ အစိုးရအာဏာရဲ့ အခြေခံသဘောတရား ဖြစ်တယ်လို့ ဖွင့်ဆိုထာတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဘဝကို လစ်လျူရှုတဲ့ အစိုးရဟာ အဓမ္မအုပ်စိုးတဲ့ အစိုးရ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုပြီး အာဏာကို ကိုးကွယ်တဲ့ အစိုးရပဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ မိမိရဲ့ အတိုက်အခံ အင်အားစုတွေကို ထစ်ကနဲ့ရှိ ဖမ်းဆီးမယ်၊ ငြိမ်းချမ်းစွာ တောင်းဆိုမှုတွေကို ဖြစ်စေ၊ ဆန္ဒဖော်ထုတ်မှုတွေကိုပဲ ဖြစ်စေ ထစ်ကနဲ အကြမ်းဖက် ဖြိုခွင်းမယ်ဆိုတဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ နအဖရဲ့မူနဲ့ နအဖရဲ့ လမ်းပြမြေပုံဟာ ဘယ်အထိ ခရီးပေါက်တယ်ဆိုတာ တိုင်းရင်းသား ပြည်သူတရပ်လုံး စဉ်းစားဖို့ အချိန်တန်ပြီလို့ ကျမအနေနဲ့ ပြောချင်ပါတယ်။

Read More...

su su nway's words

မစုစုနွေး၏ စစ်အစိုးရပေါ် ဝေဖန်သုံးသပ်ချက်
ဒီဗွီဘီ ၊ ၁၅ ၊ စက်တင်ဘာ ၊ ၂ဝဝ၇

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း နောက်ဆုံး အဆက်အသွယ် ရရှိစဉ် အဖွဲ့ချုပ်ဝင်လဲဖြစ်၊ လူ့အခွင့်အရေး လှုပ်ရှားသူလဲ ဖြစ်တဲ့ မစုစုနွေးက အခုလို ပြောဆိုသွားတာဖြစ်ပါတယ်။

“သူတို့ဖက်က ဘယ်လိုပဲ ကျမတို့ကို ဖိအားပေး အကြပ်ကိုင်ပြီးတော့ပေါ့နော် ကျမတို့ကို ဘယ်လိုပဲ ပိတ်ပင် တားမြစ် တားမြစ်၊ ကျမတို့ကတော့ ကျမတို့ လိုချင်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်ကို ကျမတို့ တိုင်းပြည်မှာ ခံစားနေရတဲ့ အထွေထွေ အကြပ်အတည်းတွေကို ကျမတို့က ပြည်သူ လူတွေဖက်က နေရပ်တည်ပြီးတော့ ဖုန်းတွေ ပိတ်ထားပေမဲ့ ကျမတို့ရဲ့ လုပ်အားတွေ၊ ကျမတို့ရဲ့ ဇွဲတွေ၊ ကျမတို့ရဲ့ ယုံကြည်ချက်တွေ ကျမတို့ တပြားသားမှ လျှော့သွားမှာ မဟုတ်ဘူး။

ကျမတို့ အဖမ်းမခံရရင်လဲ ကျမတို့ ရတဲ့ နည်းနဲ့ ကျမတို့ တိုင်းပြည်ရဲ့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အထွေထွေ အကြပ်အတည်းတွေကို ကျမတို့ ပြည်သူလူထုတွေ ဖက်ကနေ ရပ်တည်ပြီးတော့ ကျမတို့ ဒီမိုကရေစီ လုပ်ဖော် ကိုင်ဖက်တွေ အားလုံးဟာ ဖြေရှင်းသွားမယ် ဆိုတာမျိုး ဒီ နအဖ အစိုးရကို ကျမတို့ သိစေချင်တယ်။

စစ်အာဏာရှင်တွေကို ကျမ ပြောချင်တာကတော့ ဖမ်းဆီးခံထားရတဲ့ ကျမတို့ရဲ့ ဒီ ကျောင်းသား ခေါင်းဆောင်တွေ ပြည်သူလူထုတွေက ထောက်ခံ အားပေးတဲ့ ဒီ ခေါင်းဆောင်တွေရယ်၊ လူ့အခွင့်အရေး ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ၊ (၈) လေးလုံး အရေးတော်ပုံတွေမှာပေါ့ သမိုင်းတွင်ခဲ့သူတွေလဲ ဖြစ်တယ်လေ။

ဒီလို ခေါင်းဆောင်တွေ ဒီလို အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို ပြည်သူက ချစ်ခင် လေးစား တန်ဖိုးထားတဲ့ပေါ့နော်။ ပုဂ္ဂိုလ်တွေကို ဖမ်းဆီး နှိပ်စက်ပြီး၊ အသက်အန္တရာယ် ဆုံးရှုံးရတော့မဲ့ အခြေအနေထိ လူမဆန်စွာ ပြုမူနေတာဟာပေါ့ နအဖဆိုတာ ဘာဆိုတာလဲလို့ လူသိရှင်ကြား ပြောဆိုလိုက်တာ ဖြစ်တယ်လို့ ကျမပြောချင်တယ်ရှင့်။”

မစုစုနွေးရဲ့ ပြောဆိုချက် ဖြစ်ပါတယ်။

Read More...

Monday, September 3, 2007

from fine-leaves.blogspot.com

မျက်စေ့ဖွင့်ပြီးကြောက်ကြပါ

ကျမရခဲ့တဲ့ သင်ခန်းစာကတော့ ကျမကြောက်ကြောက်နဲ့ လုပ်ခဲ့တာ ဖြစ်ပေမဲ့ ကျမရဲ့ မျက်လုံးများကို စုံမှိတ်ပြီး ကြောက်ခဲ့တာမျိုး မဟုတ်ပါဖူး။ ကျမမျက်လုံးတွေကို ဖွင့်ပြီး ကြောက်ခဲ့တာပါ။ ကျမတို့ရဲ့ ညီအကို မောင်နှမများ လုပ်ဖေါ်ကိုင်ဖက်များကို ကျမတင်ပြချင်တာကတော့ လူတိုင်းဟာ ကြောက်တတ်ပါတယ်၊ ကြောက်တယ် ဆိုတာကလည်း သဘာဝပါ။ ဒါပေမဲ့ မျက်စေ့ စုံမှိတ်ပြီး မကြောက်ကြပါနဲ့၊ မျက်စေ့ဖွင့်ပြီး ကြောက်ကြပါလို့ ဒီနေရာကနေ ကျမ ပြောပါရစေ။

မျက်စေ့ဖွင့်ပြီးကြောက်ကြပါ

တီ တီ တီ.....တီ တီ တီ.... ။ မိုဘိုင်းဖုံး မည်လာသံကြောင့် ရေးလက်စစာကို ခဏရပ်လိုက်ပြီး မောင်စိမ်းလန်း သူ၏
မိုဘိုင်းဖုံးကို ကောက်ကိုင်လိုက်ရင်း ခလုတ်ကိုနှိပ်ခါ ‘ဟလို ’ ဟု တဆက်တည်း ဖြေလိုက်သည်။ တဖက်က အင်္ဂလိပ် ဘာသာစကားဖြင့် မေးလာသော အမျိုးသမီးတဦး၏ အသံ၊ ‘မောင်စိမ်းလန်းနဲ့ စကားပြောပါရစေ၊ ကျမနာမည်က မေရီ ၀ီလီလျံ ပါ။ ကျမ အိတ်စ်ဝိုင်ဇက် သတင်းအေဂျင်စီကပါ’။

မောင်စိမ်းလန်းနှင့် သူငယ်ချင်းများသည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် နေထိုင်ကြသော မြန်မာလူငယ်များဖြစ်သည်။
သူတို့အုပ်စုသည် ဘာသာပြန်လုပ်ငန်းတခု ထူထောင်ထားကြသည်။ သတင်းဌာနများ၊ အင်ဂျီအိုအဖွဲ့အစည်းများနှင့် ကိစ္စ အရပ်ရပ် ဘာသာပြန်လိုသူများအတွက် ဘာသာပြန်လုပ်ငန်းကို လုပ်ကိုင်နေသူများဖြစ်သည်။

‘ကျမတို့ဘာသာပြန်စရာလေး တခု ပေါ်လာတယ်၊ မြန်မာနိုင်ငံအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းတခုပါ၊ ဖြစ်နိုင်မယ် ဆိုရင် မနက်ဖန်ကျမတို့ ရုံးကိုလာပြီး ဘာသာပြန်ပေးနိုင်မလား ဆိုတာသိချင်လို့ပါ....’၊ မေရီက ဆက်တိုက်ပြောလည်း ပြော လာနိုင်မလာနိုင် ဆိုတာကိုပါ တခါတည်းမေးလိုက်သည်။ မောင်စိမ်းလန်းဘက်ကလည်း ‘ဟုတ်ကဲ့ ....လာနိုင်ပါ တယ်၊ ဘယ်အချိန်လောက် လာခဲ့ရမလဲ’၊ ဟု တဆက်တည်း ပြန်ဖြေရင်းလာရမည့်အချိန်ကိုပါ ပြန်မေးလိုက်သည်။
အလုပ်ဆိုတာ လွတ်သွားလို့ဘယ်ဖြစ်မလဲဟု စိတ်ထဲကလည်း ကိုယ့်ကိုကိုယ် ပြန်ပြောမိသေးသည်။

နောက်နေ့တွင် မောင်စိမ်းလန်းတယောက် အိတ်စ်ဝိုင်ဇက် သတင်းအေဂျင်စီရုံးသို့ ဘာသာပြန်လုပ်ငန်းလုပ်ဖို့ ထွက်လာ ခဲ့သည်။ မေရီက သူတို့ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်းတခုကို ဖွင့်ပြရင်း မောင်စိမ်းလန်းကို လိုအပ်သည်များ
ရှင်းလင်းပြသည်။ ဗွီဒီယိုမှတ်တမ်းက အခြားမဟုတ် ကော့မှူးမြို့တွင် ပြုလုပ်ခဲ့သော မစုစုနွေးအား ဂုဏ်ပြုသော အခမ်းအနား ဖြစ်သည်။

မစုစုနွေး၏ အမည်ကို ကြားဖူးနေတာတော့ ကြာပြီ။ မမြင်ဖူးသေး။ အခုတော့ ဖန်သားပြင်ပေါ်မှာ ကိုယ်တိုင်မြင်ခွင့်ရလေပြီ။ မစုစုနွေးသည် ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာမှ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးလည်း ဖြစ် သည်။ ၂၀၀၆ ခုနှစ်တွင် ဂျွန်ဟန်ဖရီ လွတ်မြောက်ရေးဆု ချီးမြှင့်ခံရသည်။ ဆုပေးသော လူ့အခွင့်အရေးအဖွဲ့သည် ကနေဒါ နိုင်ငံတွင် အခြေစိုက်သည်။ ပါမောက္ခ ဂျွန်ဟန်ဖရီသည် ကနေဒါနိုင်ငံသားဖြစ်၍ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး
ကြေငြာစာတန်း၏ ပထမမူကြမ်းကို ရေးသားတင်သွင်းခဲ့သူလည်း ဖြစ်သည်။ ထိုပါမောက္ခကြီးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာတ၀ှမ်းတွင် လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေသူများအား ရွေးချယ်၍ နှစ်စဉ် ထိုဆုကို အပ်နှင်းသည်။ ယခု ကော့မှူးတွင် ပြုလုပ်သော အခမ်းအနားသည်လည်း မစုစုနွေး ထိုဆုချီးမြှင့်ခြင်း ခံရသည့်အတွက် ကျင်းပပြုလုပ်သော ဂုဏ်ပြုအခမ်းအနား ဖြစ်သည်။

မောင်စိမ်းလန်းတယောက် စတူဒီယိုထဲတွင် ဘာသာပြန်နေရင်း ဗွီဒီယိုမှတ်တမ်းခွေထဲမှတဆင့် ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ တိုင်းပြည်အပေါ်ထားရှိသည့် ခံစားချက်၊ စေတနာ၊ နိုးကြားမှု၊ အမှန်တရားကို မြတ်နိုးမှု အစရှိသည်တို့ကို သူတို့မျက်နှာများ၊ စကားလုံးများမှ တဆင့် မြင်နေရသည်။ အားရစရာကောင်းလှသည် ဟုလည်း စိတ်ထဲမှ မှတ်ချက်ချမိသည်။

မစုစုနွေးသည် အာဏာပိုင်များမှ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်းကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ ထိုသို့ အဓမ္မ လုပ်အားပေး စေခိုင်းခြင်းအတွက် ရုံးတော်သို့ ဦးတိုက်လျှောက်ထား၍ မတရားမှုကို ရင်ဆိုင် တိုက်ခိုက်ခဲ့သည်။ အိုင်အယ်အို (ILO) ဟုခေါ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ကြီးသို့လည်း ထိုသို့ အဓမ္မ လုပ်အားပေးစေခိုင်းခြင်းအား အကြောင်းကြား၍ နိုင်ငံတကာမှ သိစေရန်လည်း လုပ်ဆောင်ခဲ့သည်။ စစ်အာဏာရှင်တို့ လက်အောက်က တရားရုံးသည် အမည်ခံ သက်သက်သာ ဖြစ်ခြေသည်။ တရားနတ်စောင့်သည့် ခေတ်မှမဟုတ်ပဲ။ မစုစုနွေးက သူမအပေါ်အတင်းအဓမ္မ လုပ်အားပေး စေခိုင်းသည့် အာဏာပိုင်များကို တရားရုံးတွင် တရားစွဲဆိုခြင်း အပေါ် ရန်ကုန်က ဗိုလ်ချုပ်ကြီးတို့ ယမ်းပုံမီးကျ ဖြစ်ခဲ့သည်။ အာဏာပိုင်များ၏ တုံ့ပြန်မှုကတော့ မစုစုနွေးအား ပြန်လည်တရားစွဲဆိုခြင်း ဖြစ်သည်။ တာဝန်ထမ်းဆောင် နေသော အာဏာပိုင်များကို ၀တ္တရား နှောက်ယှက်မှုနှင့် အသရေဖျက်မှုဟု ခေါင်းစဉ်တပ်ခြင်းပင် ဖြစ်သည်။ ထိုအမှုများဖြင့် မစုစုနွေးကို ထောင်ဒဏ် (၁၈) လ ချမှတ်ခဲ့သည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းများ၊ အစိုးရများ၊ အိုင်အယ်အို အဖွဲ့ကြီး၊ ကုလသမဂ္ဂမှ တာဝန်ရှိသူများ အစရှိသည်တို့၏ ဖိအားပေးမှု၊ ဝေဖန်မှုများကြောင့် စစ်အစိုးရသည် မလွှဲသာတော့ပဲ မစုစုနွေးကို ထောင်မှ ပြန်လွှတ်ပေးရတော့သည်။
မစုစုနွေးသည် ထောင်ထဲတွင် (၈)လကြာ နေခဲ့ရသည်။ မစုစုနွေးသည် ဒေါင်ဒေါင်မည် ကျန်းမာရေးကောင်းသူ တဦး မဟုတ်။ နှလုံးအားနည်းသည့် ရောဂါ ရှိသူဖြစ်သည်။ သို့သော် သူမသည် သူမ၏ ကျန်းမာရေးကိုမငဲ့ကွက်။ အမှန်တရား အတွက် လုပ်ဆောင်စရာ ရှိသည်များကို လုပ်ခဲ့သည်။

အခန်းအနားတွင် သက်ဆိုင်ရာ ဒီ/ချုပ် မြို့နယ် ခေါင်းဆောင်အသီးသီး မစုစုနွေးအတွက် ဂုဏ်ပြုစကား ပြောကြားကြသည်။ သည့်နောက် ဂျွန်ဟမ်ဖရီဆုရှင် မစုစုနွေးကိုယ်တိုင် စကားပြောဖို့ အလှည့်သို့ ရောက်လာသည်။ ဒီအပိုင်းက ပိုအရေးကြီးတယ်ဟု ကိုယ့်ကိုကိုယ် ပြောရင်း မောင်စိမ်းလန်းသည် နားကျပ်မှ တဆင့် စီးဆင်းလာသော မစုစုနွေး အသံကို ဂရုစိုက် နားထောင်သလို ဖန်သားပြင်ပေါ်က မစုစုနွေးရုပ်ပုံကိုလည်း မျက်တောင်မခတ် စူးစိုက်ကာ ကွန်ပြူတာပေါ်တွင် သူ၏ ဘာသာပြန်ချက်များ ရိုက်ထည့်နေသည်။

“တရားမျှတမှုအတွက်၊ အမှန်တရား အတွက် ဆောင်ရွက်ရင်း တနေ့နေ့တော့ ကျမ ထောင်ကျလိမ့်မယ်ဆိုတာ ကျမ တွေးထားမိပြီးသားပါ။ ကျမထောင်ကျမှာကို ကြောက်ပါတယ်။ ကျမကို အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ ကျမတို့ရွာက အာဏာပိုင်တွေကို ရုံးတော်မှာ တရားစွဲအခါမှာလည်း ကျမကြောက်ကြောက်နဲ့ စွဲခဲ့တာပါ။ ဒီအမှုမှာ ကျမမနိုင်နိုင်ဖူး ဆိုတာလည်း တွက်ထားပြီးသားပါ။ ကျမသတ္တိကောင်းလို့ အာဏာပိုင်တွေကို တရားပြန်စွဲတာ မဟုတ်ပါဖူး။ လူသားတယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ကျမတိုက်ပွဲဝင်တာ ဖြစ်ပါတယ်။ ကျမကြောက်ကြောက်နဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက် ရဲဘော်များ အကူအညီ၊ ပြီးတော့ နိုင်ငံတကာက ဖိအား၊ အဲတာတွေ ကြောင့်သာ ကျမထောင်က ပြန်လွတ်ခဲ့တာပါ။ ကျမရခဲ့တဲ့ သင်ခန်းစာကတော့ ကျမကြောက်ကြောက်နဲ့ လုပ်ခဲ့တာ ဖြစ်ပေမဲ့ ကျမရဲ့ မျက်လုံးများကို စုံမှိတ်ပြီး ကြောက်ခဲ့တာမျိုး မဟုတ်ပါဖူး။ ကျမမျက်လုံးတွေကို ဖွင့်ပြီး ကြောက်ခဲ့တာပါ။ ကျမတို့ရဲ့ ညီအကို မောင်နှမများ လုပ်ဖေါ်ကိုင်ဖက်များကို ကျမတင်ပြချင်တာကတော့ လူတိုင်းဟာ ကြောက်တတ်ပါတယ်၊ ကြောက်တယ် ဆိုတာကလည်း သဘာဝပါ။ ဒါပေမဲ့ မျက်စေ့ စုံမှိတ်ပြီး မကြောက်ကြပါနဲ့၊ မျက်စေ့ဖွင့်ပြီး ကြောက်ကြပါလို့ ဒီနေရာကနေ ကျမ ပြောပါရစေ’။

မျက်စေ့ဖွင့်ပြီး ကြောက်ကြပါ။ ကောင်းလိုက်တဲ့ စကားစုလေး၊ သည်စကားလေးကြောင့် ဘာသာပြန်နေတဲ့ မောင်စိမ်းလန်း အဖို့ နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားပြီလို့ ထင်ခဲ့တဲ့ မိမိရဲ့ အမြတ်နိုးဆုံး ပစ္စည်းလေးတခု မမျှော်လင့်ဘဲ ပြန်ရသလို ခံစားချက်မျိုး ရင်တွင်းမှာ ဖြစ်ပေါ်လာသည်။ ပိတ်နေသည့် တံခါးတချပ် ပွင့်သွားခဲ့ပြီ။

အိတ်စ်ဝိုင်ဇက် သတင်းအေဂျင်စီ ရုံးကနေ ထွက်ကတည်းက ‘မျက်စေ့ဖွင့်ပြီး ကြောက်ကြပါ ’ ဟူသော စကားစုလေးကို အထပ်ထပ် ရွတ်ဆိုရင်း မောင်စိမ်းလန်း တယောက် အိမ်ကို လမ်းလျှောက် ပြန်ခဲ့လေတော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)
၃ ရက်၊ စက်တင်ဘာလ၊ ၂၀၀၇ ခုနှစ်။

မစုစုနွေးအတွက် အင်တာနက်စာမျက်နှာကို Asian Human Rights Commission က လုပ်ထားပေးပါတယ်။ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ဓါတ်ပုံတွေကို ဒီအင်တာနက်စာမျက်နျာကရပါတယ်။


Read More...

Wednesday, August 29, 2007

interview on unrest in Kamarut Tsp

စုစုနွေးနှင့် ဆက်သွယ်မေးမြန်းချက်
၂၉ ၊ သြဂုတ် ၊ ၂ဝဝ၇ အေးနိုင် ၊ ဒီဗွီဘီ

မနေ့ကဖြစ်ပွားခဲ့တဲ့ ရန်ကုန် လှည်းတန်းလမ်းဆုံက ဆန္ဒပြပွဲအတွင်း ဦးဆောင်ပါဝင်ခဲ့သူ မစုစုနွေးနဲ့ ဆက်သွယ်မေးမြန်းချက် ဖြစ်ပါတယ်။ ပထမဆုံး မေးထားတာကတော့ မနေ့က ဆန္ဒပြပွဲ အတွင်းအမှန်တကယ် ဘာတွေဖြစ်ပျက်ခဲ့ပါသလဲဆိုတာကို အကျဉ်းချုံး ရှင်းပြပေးဖို့ ဖြစ်ပါတယ်။

“ဟုတ်ကဲ့ ဒီနေ့ကတော့ လှည်းတန်းဈေးထိပ်ကနေပြီးတော့ကျမတို့ ဒီ သမိုင်းဖက်ကို သွားတာပေါ့နော်။ လှည်းတန်းဖက်ကို ဈေးထိပ်ကနေပြီးတော့ (၁) နာရီထိုးမှာ စပြီးတော့ပေါ့ လမ်းလျှောက်တယ်။ လမ်းလျှောက်အချိန်မှာ (၁) နာရီထိုး စလျှောက်တဲ့ အချိန်မှာ ကျမ မရောက်သေးဘူး။ကျမကနေပြီးတော့ (၁) နာရီ ဆယ်မိနစ်မှာ ရောက်တယ်။ လျှောက်တဲ့သူက လျှောက်ထား ကျမကနေပြီးတော့ အချိန်ကို ခွာပြီးတော့ လာခဲ့မယ်လို့ ပြောထားခဲ့တာ။

(၁) နာရီထိုး ငါးမိနစ်လဲ ကြာတော့ သူတို့ စထွက်ကြတယ်။ စထွက်လာတဲ့ အချိန်မှာ ကျမကနေ ကားနဲ့ ပြန်ဝင်လာခဲ့တယ်။ သူတို့တော်တော်လေး ဒီဖက်ကို ရောက်လာပြီ။ ရောက်လာတဲ့ အချိန်မှာ ကျမက ကား တက်စီ ပေါ်ကနေဆင်းပြီးတော့ ကျမက ချက်ချင်း တခါထဲ သူတို့ စီကို ကျမက ရှေ့ကို ဝင်သွားတယ်။ ဝင်သွားတော့ ကျမလဲ လမ်းလျှောက်တယ်။ ကျမတို့ ဒီ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ လောင်စာဆီ တိုးမြှင့်မှုတွေ အပေါ်မှာ လူထုတွေရဲ့ ကိုယ်စား ကျမတို့ တွေ ဆင်းပြီးတော့ ငြိမ်းချမ်းစွာ လမ်းလျှောက်ပြီး ဆန္ဒပြ တောင်းဆိုပေးနေပါတယ်လို့ ပြောတယ်။ ကျန်တဲ့သူတွေကလဲ ပြောတယ်ပေါ့နော်။

အဲဒီ ကျမတို့ဒီ လမ်းလျှောက်တာ အလှမ်း (၃ဝ) လောက်ပဲ ရှိပါသေးတယ်ရှင့်။ ကျမတို့ကို ဝိုင်းတားကြတယ်လေ။ သူတို့ဖက်ကနေပြီးတော့ ။ ဝိုင်းတာတာတော့ တော်တော်တော့ အခြေအနေ ဆိုးဆိုး ပဲ။ အဲ ကျမတို့ကို အတင်းပဲပေါ့နော် ဆွဲ လှဲ အတင်းပဲတင်။ ကျမတို့ကို ဒီဖက်ကလဲ ကျမကို မပါရေး အကုန်လုံး ဝိုင်းဆွဲကြ ။ ဟိုဖက်ကလဲ ဝိုင်းဆွဲကြနဲ့ ကျမဆို ဆံပင်တွေလဲ ဖိုးရို့ဖားရားတွေ ဖြစ် ၊ ဖိနပ်တွေလဲ ကျွတ် အာ အကုန်ကို ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ရော ။ တချို့ကြတော့ကာ ချော်တယ်။ တုံးလုံးပက်လက်တွေ လဲသွား။ အဲဒီ လဲတဲ့အတိုင်းတွေ အတင်းပဲ ဆွဲပြီးတော့ အပေါ်ကို ကားပေါ်ကို အတင်းပဲ မြှောက်ပြီးတော့ တင်တာတွေ အကုန်လုံး တွေ့ရတယ်။ တော်တော်တော့ စိတ်မချမ်းသာ စရာပဲရှင့်။ တော်တော်လေး အခြေအနေ ဆိုးပါတယ်။ ဟိုပေါ့။ ဒီပြင်နိုင်ငံသားတွေရဲ့ ရှေ့မှာ ကိုယ့်နိုင်ငံသားတွေ ရဲ့ အခြေအနေကို အဲဒီလိုမျိုးတွေ့ရတော့ အဲဒါကို ကျမ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ”

ဟုတ်ကဲ့ မစုစုနွေး အခုနက သူတို့က ဆွဲတယ်ဆိုတော့။ သူတို့ဆိုတာ ဘယ်သူတွေလဲ ခင်ဗျ။

“အော် သူတို့ ဆိုတာ စွမ်းအားရှင်တွေရယ် ဒီ ပြည်သူ အယောင်ဆောင်ထားတဲ့ စွမ်းအားရှင်တွေရယ် ဒီ အာဏာပိုင်တွေကိုပြောတာပါရှင့်။ ဟို ကျမတို့ကို တားတဲ့ အထဲမှာ ပြည်သူ့ရောင်ဆောင်ထားတဲ့ စွမ်းအားရှင်တွေပေါ့ အာဏာပိုင်တွေက တားတာပါ။ ကျမတို့ကို မတရား တားနေတဲ့အချိန်မှာ ပြည်သူလူထုထဲက ဦးလေးသုံးယောက်ကနေပြီးတော့ ကျမဆီကို ရောက်လာပါတယ်။ ရောက်လာပြီးတော့ ကျမတို့ ရှေ့ကနေ ကာပြီးတော့ မင်းတို့ မတရား မလုပ်ကြနဲ့ ငါတို့က ပြည်သူအစစ်တွေကွ အကြမ်းမဖက်ကြနဲ့ မတရားမလုပ်ကြနဲ့လို့ ဆိုပြီး ကျမတို့ရှေ့ကနေ ဝင်တားပေးပါတယ်ရှင့်။”

ဘယ်နှယောက် ဖမ်းခံထိသွားလဲ မစုစုနွေးသိပါသလားခင်ဗျ။
“အဲ အိုးဝေ အပါအဝင် (၈) ယောက် အဖမ်းခံရတယ်ရှင့်။ ကျမတို့ ရှေ့တင် ဖမ်းသွားတဲ့ သူတွေပါရှင့်။ ”

မစုစုနွေးက အဲဒီမှာ သတိလစ် မေ့မြောသွားတယ်လို့ သိရပါတယ်ခင်ဗျ။ အဲဒါရော ဘယ်လိုဖြစ်တာလဲ ခင်ဗျာ။
“အဲဒါက သတိမေ့သွားတာ မဟုတ်ပါဘူးရှင့် ။ ကျမက နှလုံးအားနည်းပြီးတော့ ဆေးနေ့တိုင်း ချိတ်နေရတာ။ ဒီနေမှ ကျမ နလန်ထကစပဲ ရှိတယ်လေ။ ထမင်းက သိပ်မစားနိုင်ဘူး ကျမက ။ အရည်လောက်ပဲ ကျမသောက်နေတာ။ အဲ ဟိုရောက်တော့ ကျမရောက်ရောက်ချင်းပဲ အသက် တအားပဲ တကယ်ကိုယ့် အူရား ဖားရားပေါ့။ ဝင်ဆွဲ အတင်းနင်းက ±ုန်းရင်းဆန်ခတ် ။ ကျမအစ်ကိုတွေတွေကလဲ ကျမမပါရေး ကျမကိုယ်လုံးလေးကို အကုန်လုံး ဝိုင်းပြီးတော့ဖက် သိမ်းဖက်ပြီးတော့ ထာားတယ်။ သူတို့က ပြန်ဆွဲ ကျမကို ။ ပြန်ဆွဲ ။ ပြန်ဆွဲ ။ သူတို့က ပြန်ဆွဲ ။ ကျမက ကြားထဲမှာ လုံးလယ်------လိုက်နေတယ်။

အဲဒီကြားထဲမှာ ကျမက နေပြီးတော့ ကျမတို့ လူထုတွေရဲ့ ကိုယ်စား ကျမတို့ တောင်းဆိုမှုတွေကို ကျမက ပါးစပ်ကလဲ ပြောနေတယ်။ ကျမအစ်ကိုတွေ ပါသွားတော့လဲ ကျမက မီအောင်ပေါ့နော်။ ကျမက အားလေးနဲ့ ဝင်ဆွဲ ။ ဝင်ဆွဲတော့ ကျမမောင်လေးတွေက ကျမကို ရှေ့ကျော်သွားမှာစိုးလို့ လက်နဲ့ပြန်ဆွဲ ။ ကျမကလဲ ပြန်ပြောဆိုတော့ ရောဂါသည်ရှင့်။ ဟိုလူကဆွဲ ဒီလူကဆွဲ ။ ကြားထဲမှာ ရောက်ရက်ခတ်နေတယ်။ ကျမ အရမ်းမောလာတယ်။ မောလာပြီးတော့ တခါထဲ မိုက်ကနဲ မိုက်ကနဲ နဲ့ ခေါင်တွေက တအားမူးလာတယ်။ မူးလာပြီးတော့ အဲဒီအချိန်မှာ ကိုအိုးဝေက ပစ်လဲသွားတယ်။ ကိုအိုးဝေက ပစ်လဲသွားတယ်။ ကိုအိုးဝေက ပစ်လဲတဲ့အတိုင်း ကြီးကိုတခါထဲ လုံးချည်တွေကျွတ် ဘာတွေကျွတ်နဲ့ ကားပေါ်တင်လိုက်တယ်။ ကျမတော်တော် စိတ်မကောင်းပါဘူး။

အဲဒါနဲ့ တခါထဲ ကျမမောင်လေးတွေက ကျမကို တခါထဲ ဆုတ်ဆုတ် ဆုတ်ဆုတ် ပြီးတော့ ကျမပါမှာ စိုးလို့ အတင်းပဲ ဆွဲပြီးတော့ နောက်ကို ဆုတ်သွားတဲ့အချိန်မှာ ကျမကလေ ကျမ အစ်ကိုတွေရှေ့မှာ ဆွဲနေတယ်။ ဆွဲပြီးတော့ အဖမ်းခံရတာကို ကျမကလဲ ရှေ့ကိုတိုး ။ ကျမမောင်လေးတွေက နောက်ကို အတင်းပဲ ပြန်ဆွဲ နဲ့ဆိုတော့ ။ ကျမ ခေါင်းမူး။ မေ့သွားတာ မဟုတ်ပါဘူး။ ကျမ အရမ်းမောပြီးတော့ စိတ်လဲ အရမ်းလှုပ်ရှားပြီးတော့ မူးသွားတာ။ မူးသွားတော့ ရှေ့ကို မိုက်ကနဲ ဆိုဖြစ်သွားတယ်။

ကျမမေ့သွားမှာစိုးလို့ ကျမစိတ်ကိုကျမ ထိန်းပြီးတော့ သူတို့ရှေ့မှာ ဘယ်တော့မှ အလဲ မခံဘူးဆိုပြီးတော့ စိတ်ကိုချက်ချင်း ပြန်တင်းပြီးတော့ စကားမပြောတော့ပဲနဲ့ စိတ်ကို အသာလေးပြန်လျှော့ ချထားပြီးတာ့ အဲ မောင်လေးတွေက အတင်းပဲ တခါထဲ ဆွဲခေါ်သွားတယ်။ ကျမခြေထောက်မှာ ဖိနပ်လဲ မပါဘူး။ တရွက်တရွက်နဲ့ သူတို့ဆီ ပါသွားတယ်။ မောင်လေးတွေက ထိုးပွေ့ထားတာပါ။ ကျမ အကုန်သတိရနေပါတယ်။ ကျမ အကုန်သိနေပါတယ်။ သူတို့ဖက်ကနေပြီတော့ လက်ခုတ်တွေ တီးတယ်။နောက်တော့ ကျမ အဲလိုဖြစ်သွားတဲ့ အချိန်မှာ သျူတို့ဖက်ကနေ နောက်ကနေ လိုက်မလာရဲတော့ပါဘူး။ ”

ဟုတ်ပါပြီ မစုစုနွေးခင်ဗျား။ အခုလို အကြမ်းဖက်ပြီးတော့သူတို့ဆိုတဲ့ စွမ်းအားရှင်တွေက ပေါ့နော်။ ကြံ့ဖွတ်တွေကေနပြီးတော့ နှောက်ယှက်တဲ့အပေါ်မှာ မစုစုနွေးအနေနဲ့ ဘာပြောချင်လဲ ခင်ဗျ။
“အဲ ကျမပြောချင်တာပေါ့။ ကျမတို့ နိုင်ငံဆိုတာ အခုပေါ့နော် ။ စစ်အာဏာရှင်တွေက လမ်းတွေမှာလဲ ရေးထားတယ်။ ဒီမိုကရေစီ နိုင်ငံသစ်စီသို့ ဆိုပြီးတော့ အဝေးပြေးလမ်းမေတွေမှာ ရေးထားတာ ရှိပါတယ်။ ဒီမိုကရေစီ နိုင်ငံဆိုတာ ဒီမိုကရေစီ နိုင်ငံစာလုံးပေါ်မှာ ပိတ်ဖြူပေါ်မှာ စာလုံးတင်ပြီး ရေးရုံနဲ့ ဒီမိုကရေစီ နိုင်ငံ မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံ ဆိုတာမျိုးက ကိုယ့်အခွင့်အရေးတွေ ကိုယ့်ဆန္ဒတွေကို ဖော်ထုတ်ပိုင်ခွင့်ရှိပါတယ်။ အဲလို ဖော်ထုတ်ပိုင်ခွင့်မရှိဘူး လူ့အခွင့်အရေး အဲလောက်တောင် ရိုင်းရိုင်းစိုင်းစိုင်း ချိုးဖောက်နေမယ်ဆိုရင် ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ ဆို့တဲ့ စာတမ်းကိုဖြုတ်ဖို့ အချိန်တန်နေပြီလို့ ကျမပြောချင်ပါတယ်။ ကျမတို့ နိုင်ငံမှာ အခုလိုမျိုး အကြမ်းဖက်မှုတွေ အခုလိုမျိုး ပြည်သူအချင်းချင်းကို ပေါ့နော်။ အတင်း အားရဆကသအးမ အကြမ်းဖက်နိုင်နင်းမှုတွေ အားလုံးကို ရပ်တန့် ရပ်စေချင်ပါတယ်လို့ ကျမပြောချင်တယ်ရှင့်။ ”

ဟုတ်ကဲ့ ခင်ဗျ။ အခုဒီဖြစ်စဉ်မှာ တချို့က ပြည်သူတွေက ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင် အများစုအနေနဲ့ ပေါ့နော် ပါလဲ ပါချင်တယ်။ တအုံနွေးနွေးနဲ့ ဖြစ်နေတဲ့ အပေါ်မှာ ရဟန်းသံဃာ ပြည်သူလူထု အပေါင်းကိုရော အမက ဘာပြောချင်လဲ ခင်ဗျ။
“အဲ ကျမတို့ ပေါ့နော်။ ကျမတို့ ပြည်သူလူထုတွေက အခုဆိုရင် ရှေ့တိုးလာတဲ့ ပြည်သူလူထုတွေ ရှိသလိုပေါ့။ ရှေ့ကိုမတိုးရဲပဲနဲ့ နောက်ကနေကြည့်ပြီးတော့ အားပေးတဲ့ ပြည်သူလူထုတွေလဲ ကျမတွေ့ရပါတယ်။ အကြောက်တရားကြီးပြီးတော့ လုံးဝ မထွက်ရဲတဲ့ ပြည်သူလူထုကိုလဲ ကျမတွေ့ရပါတယ်။ အဲ နောက်တခုက ရှေ့လဲ တိုးလာတယ်။ ဟိုပေါ့ နောက်ကလဲ နေချင်တယ်ဆို ရှေ့တိုးရမလို နောက်ဆုတ်ရမလို ဖြစ်နေတဲ့ ကျမတို့ ပြည်သူလူထုကိုလဲ ကျမတို့ တွေ့ရပါတယ်။ အဲလိုမျိုးပေါ့နော်။ ပြည်သူလူထုတွေ ကျမတို့ ပြောချင်တာကတော့ ဒီစစ်အာဏာရှင်တွေက ပြည်သူလူထုတွေ အားလုံးကို မြန်မာနိုင်ငံပြည်သူလူထုတွေ အားလုံးကို အကြောက်တရားကြီးမားအောင် အမျိုးမျိုး ဖိနှိပ် ချုပ်ချယ်ထားတယ်ဆိုတာ ကျမတို့လဲ သိပါတယ်။ ဒါပေမဲ့ ကျမတို့လဲ ကြောက်ကြပါတယ်။ ကျမတို့လဲ ကြောက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမဆို ကျန်းမာရေးလဲ မကောင်းပါဘူး။ ကျမတို့လဲ ကြောက်ပါတယ်။ ကြောက်ကြောက်နဲ့ ကျမတို့ အခွင့်အရေးတွေကို ကျမတို့ပေါ့။ ရချင်တယ်။လိုချင်တယ်ဆိုရင် ကြောက်ကြောက်နဲ့ ကျမတို့ မျက်လုံးဖွင့်ပြီးပေါ့နော်။ ကျမတို့ အခွင့်အရေးကို ကျမတို့ တောင်းဆိုကြမယ်။ တနိုင်ငံလုံးမှာရှိတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူအားလုံးဟာပေါ့နော် ။ တစည်းထဲ တလုံးထဲ ညီညီညာညာနဲ့ပေါ့။ထွက်လာပြီးတော့ မိမိအခွင့်အရေးတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျမတို့ တောင်းဆိုကြမယ်ဆိုရင် ကျမတို့လိုချင်တဲ့ ကျမတို့ အခွင့်အရေးတွေ စီးပွားရေး ကြပ်တည်းမှုတွေ အားလုံးဟာ လွှတ်မြောက်နိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ပေါ့။ ကျမတို့ပေါ့နော်။ ပြည်သူလူထုတွေ အားလုံးဟာ အကြောက်တရားတွေကို မျက်လုံးဖွင့်ပြီး ကြောက်ပြီးတော့ မိမိအခွင့်အရေးတွေ မိမိ တောင်းဆိုကြမယ်ဆိုရင် ကျမလိုချင်တဲ့ အခွင့်အရေးတွေ ရမှာဖြစ်ပါတယ်လို့ ကျမပြောချင်ပါတယ်။

” ရန်ကုန် လှည်းတန်းဆန္ဒပြပွဲကို ဦးဆောင်ပါဝင်ခဲ့သူ မစုစုနွေးက ပြည်သူတရပ်လုံး ကိုယ်အခွင့်အရေးအတွက် ကိုယ်တိုင်ပါဝင်ပြီး တိုက်ပွဲဝင်ဖို့ လိုအပ်နေပြီဖြစ်တဲ့အကြောင်း တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

မစုစုနွေးအပါအဝင် အမျိုးသမီးတွေ အပေါ်ဒီလိုမျိုးနှောက်ယှက် တားဆီးနေတာနဲ့ ပတ်သက်ပြီး နယ်စပ်အခြေစိုက် မြန်မာအမျိုးသမီး သမဂ္ဂက ဘီဒဗလျူယူက ဝေဖန်တဲ့ ကြေငြာချက် တဆောင် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေငြာချက်နဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦး ဖြစ်သူ နိုးနိုးထက်စံ က အခုလို ပြောပြထားပါတယ်။

“ဒီကြေညာချက်မှာတော့ အရဆကသအိးက ကျမတို့က ဒီ (၈၈) မျိုးဆက် အမျိုးသမီးတွေ အထူးသဖြင့်ပေါ့နော်။ သူတို့ လုပ်တဲ့လုပ်ဆောင်ချက်တွေကို ကျမတို့ ဂုဏ်လဲ ယူတယ်။ နောက် ထောက်လဲ ထောက်ခံတယ်။ အားလဲ ပေးတယ်ပေါ့။ နော်။ နောက်တချက် ကြတော့ ဒီလို အမျိုးသမီးတွေ ဒီလို လှုပ်ရှားမှုမှာ ပါဝင် ပတ်သက်နေတဲ့ကိစ္စကို နအဖကနေပြီးမှ ကြံ့ဖွတ်ပဲပြောပြော ပိုက်ဆံပေးပြီးမှ ခေါ်တဲ့သူတွေကိုပဲ ဖြစ်ဖြစ် စေခိုင်းတဲ့ကိစ္စရယ် ။ အမျိုးသမီးတွေက အိမ်ကနေတကွဲတပြား ဖြစ်နတဲ့ ကိစ္စရယ်။ လုံခြုံနိုင်ငံမှာ အမျိုးသမီးတွေ ရှောင်တိန်းနေရတဲ့ ကိစ္စတွေဟာ သူတို့ အတွက်က တော်တော်ကိုအခက်အခဲ ဖြစ်တယ်လေ။ အဲဒီအတွက်ကို ကျမတို့ ဒီ မြန်မာ့ အမျိုးသမီးများသမဂ္ဂကနေပြီးမှ ရှုတ်ချတယ်ပေါ့။ နအဖကနေပြီးမှ ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲပေါ့။ နောက်ပြီးတော့ အမျိုးသမီးတွေကို (၁) အချက်က ကာအိနြေ္ဒ ပျက်စီးအောင်လုပ်တယ်။ (၂) အချက်က အကြမ်း ဖက်တယ်။ ဒီကိစ္စမျိုးတွေကို ကျမတို့ ခွင့်မပြုဘူး။ ဘာဖြစ်လို့လဲ ခွင့်မပြုလဲ ဆိုတော့ ဒီနအဖ ကိုယ်တိုင်က နိုင်ငံတကာ စာချုပ်စာတမ်းတွေကို လက်မှတ်ရေးထိုးတယ်။ အဲဒီအထဲမှာ အထူးသဖြင့် ဆီဒေါ ကိစ္စမျိုးတွေ (၁၃၂၅)ဆုံးဖြတ်ချက် လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အရဆိုလိုရှိရင် ဒီအမျိုးသမီးတွေ ဒါမျိုးကို လုပ်ခွင့်ကို ဒါမျိုးလုပ်ခွင့် မပေးဖို့ကိုမှ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် (၁၃၂၅) တောင် ပြထားတာတွေ ရှိတယ်။ ဆီဒေါမှာလဲ တပြိုင်ထဲ ဒီအချက်တွေကို လုပ်ထားတာတွေရှိတယ်။ ဒါကို နအဖက လုပ်တာဆိုတော့ ကျမတို့က ကန့်ကွက်တယ်။ ရှုတ်ချတယ်။ မြန်မာနိုင်ငံ အမျိုးသမီးရေး ရာအဖွဲ့ကတော့ ဘာဖြစလို့ ဒီကိစ္စကို လက်ပိုက်ကြည့်နေသလဲ။ ဒီကိစ္စတွေကို ကျမတို့က ပြန်ပြီးတော့ အကာအကွယ်လုပ်ပေးဖို့ တောင်းထား ပြောထားတယ်ပေါ့နော်။ ”

မြန်မာအမျိုးသမီးသမဂ္ဂမှ နိုးနိုးထက်စံ ဖြစ်ပါတယ်။ ဒါအပြင် ဒီကြေငြာချက်ထဲမှာ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ပြီး နေအိမ်တွေကနေတိမ်းရှောင်နေရတဲ့ (၈၈) မျိုးဆက်ကျောင်းသူ မနီလာသိန်းနဲ့ မမီးမီးတို့နဲ့ အမည်နဲ့တကွဖော်ပြထားပြီး သူတို့ရဲ့လုံခြုံရေးအတွက်၊ အထူးသဖြင့် တလသား အရွယ်ကလေးငယ်ကို ထားပြီး တိမ်းရှောင်နေရတဲ့ မနီလာသိန်း အတွက် လူသားချင်းစာနာတဲ့ ရှုဒေါင့်ကနေ အမြန်ဆုံး ဖြေရှင်းပေးဖို့လဲ သီးသန့်တောင်းဆိုထားတာ တွေ့ရပါတယ်၊၊

Read More...

Sunday, July 8, 2007

DVB and 3 women talk

အကြောင်းတရားမှ ကင်းဝေးရေး စကားဝိုင်း
ဒီဗွီဘီ ၊ ၈ ၊ ဇူလိုင် ၊၂ဝဝ၇

အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက တောင်းဆိုနေကြသလို မြန်မာနိုင်ငံအတွင်းမှာလဲ ဒီနှစ်အတွင်းမှာ တောင်းဆိုသံတွေ ပိုမို ကျယ်လောင်လာနေတာ တွေ့ရပါတယ်။ ဒီဖြစ်ထွန်းမှုအပေါ်မှာ အခြေပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်လာရေးအတွက် ဘယ်လို ချဉ်းကပ်မှုအသစ်တွေ ရှိလာမလဲဆိုတာ သိရအောင် မစုစုနွေးနဲ့ မဖြူဖြူသင်းကို ဒီစကားဝိုင်းကို ဖိတ်ခေါ်ထားပါတယ်။

မစုစုနွေးဟာဆိုရင် အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ အာဏာပိုင်တွေကို ရဲရဲဝံ့ဝံ့ တရားစွဲခဲ့တဲ့အတွက် နိုင်ငံအတွင်းမှာသာမကဘဲ နိုင်ငံပြင်ပမှာပဲ ထင်ပေါ် ကျော်ကြားနေသူ တဦးဖြစ်ပါတယ်။ သူဟာ ထန်းမနိုင်ရွာက သတ္တိရှင်မလေးလို့တောင် တင်စားခေါ်ဝေါ်ခံရသူလဲ ဖြစ်ပါတယ်။

မဖြူဖြူသင်းဆိုရင်လဲ အေ့စ်ဝေဒနာသည်တွေကို စေတနာအပြည့်နဲ့ ကူညီနေသူ၊ သူကူညီပေးနေတဲ့ လူနာတွေက လေးစားကြည်ညိုလွန်းပြီး မိခင်ကြီးရယ်လို့တောင် တင်စား ခေါ်ဝေါ်ခံနေရသူပါ။ ထိန်းသိမ်းရေးစခန်းတွေဆီကနေ ပြန်လည် လွတ်မြောက်လာကြတဲ့ သူတို့ဟာ ဒီပဲယင်း အကြမ်းဖက်ခံရကတည်းက နေအိမ် အကျယ်ချုပ် ကျနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဝတ်ပြုဆုတောင်းရင်းနဲ့ ဖမ်းဆီးထိန်းသိမ်း ခံရသူတွေလဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျဉ်းကျနေတဲ့ ကာလတွေမှာ လူသိများ ထင်ရှားလာတဲ့ အမျိုးသမီး သူရဲကောင်းတွေလို့ ပြောရင်လဲ ရနိုင်ပါတယ်။ တနည်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည် လှုပ်ရှားဆောင်ရွက်ခွင့်မရတဲ့ ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်တခုဖြစ်တဲ့ အကြောက်တရားက ကင်းဝေးရေးဆိုတဲ့ ဆောင်ပုဒ်ကို လက်တွေ့ ကျင့်သုံးနေသူလို့ ပြောရမှာပါ။

သူတို့နှစ်ဦးအပြင် ဒီစကားဝိုင်းမှာ ပါဝင်နိုင်ဖို့အတွက် ဖိတ်ကြားထားတဲ့ နောက်တဦးကတော့ (၈) လေးလုံး အရေးတော်ပုံကြီးအပြီး မြန်မာနိုင်ငံ ပြင်ပကို ထွက်ခွာလာသူ ဒီမိုကရေစီအရေးနဲ့ အမျိုးသမီးအရေး ကိစ္စတွေကို ဆောင်ရွက်နေသူ မဆူးပွင့်ပဲ ဖြစ်ပါတယ်။

ဒီဗွီဘီ ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ဆိုပြီးတော့ ထောင်မကြောက်၊ တန်းမကြောက်ဘဲ ဘာဖြစ်လို့ အမျိုးသမီးတွေလဲ ဖြစ်တယ်၊ ကျန်မာရေး အခြေအနေကလဲ ကိုယ်စီ ရောဂါ ရှိနေပါလျက်နဲ့ ဒီလှုပ်ရှားမှုမှာ ဘာဖြစ်လို့ ဦးဆောင် လှုပ်ရှားနေရတာလဲ၊ ဒီမေးခွန်းကို မစုစုနွေးက အရင် ဖြေကြားပေးပါ။

မစုစုနွေး။ ။ “ကျမတို့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေက အများကြီးပဲ အဲဒီပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မဲ့သူဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တယောက်ပဲ ရှိတယ်လေ။ အန်တီကို ဖမ်းဆီးထိန်းသိမ်းထားသမျှ ဒီပြဿနာတွေဟာ မပြေလည်နိုင်ဘူးဆိုတာကို ကျမတို့ ယုံကြည်လေ။ အန်တီကို အမြန်ဆုံးလွှတ်၊ တွေ့ဆုံဆွေးနွေးပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖော်ဆောင်မှ ကျမတို့ မြန်မာနိုင်ငံ အတွက်ဟာ ကောင်းစားမှာ ဖြစ်တဲ့အတွက် ကျမတို့ အန်တီကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။”

ဒီဗွီဘီ ။ ။ မစုစုနွေး ဆွေးနွေးသွားသလိုမျိုး မဖြူဖြူသင်း အနေနဲ့ကရော မစုစုနွေး ပြောသလို ဒေါ်အောင်ဆန်းစုကြည်ကတော အရေးကြီးပါတယ်။ ကျန်တဲ့ဟာတွေကရော ဘာတွေ အရေးကြီးတယ်လို့ ထင်ပါသလဲ။

မဖြူဖြူသင်း။ ။ “ဒေါ်အောင်ဆန်းစုကြည်ကတော့ အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ ဒီတိုင်းပြည်အတွက်မှာ သူမပါလို့ရင်ကို တိုင်းပြည်ရဲ့ အပြောင်းအလဲရော၊ တိုင်းရင်းသားတွေ အခွင့်အရေးရော ရရှိအောင် သူပဲ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ အန်တီ အပါအဝင် တခြား လွှတ်တော်ကိုယ်စားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ထောင်ထဲမှာ မတရား အကျဉ်းချခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အားလုံးဟာလဲ သူ့ဟာနဲ့သူ အရေးကြီးပါတယ်။ တိုင်းပြည်ပြန်လည် ထူထောင်ရေးမှာ အားလုံး စုပေါင်းပြီးတော့ ပြုလုပ်မှပဲ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။”

ဒီဗွီဘီ ။ ။ အခု ဆွေးနွေးသွားတဲ့ မဖြူဖြူသင်းနဲ့ မစုစုနွေးတို့ ဆွေးနွေးချက်တွေ အပြင် မဆူးပွင့်ကရော မြန်မာပြည်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ တချို့ဆိုရင်လဲ အသက် (၇ဝ) ကျော် အဖွားအိုတွေတောင် ပါတယ်ပေါ့နော်။ ဝတ်ပြုဆုတောင်းပွဲတွေ လုပ်နေတဲ့အပေါ် ဘယ်လိုမျိုး ပြည်ပရောက်တဲ့ အမျိုးသမီး တယောက် အနေနဲ့ အမြင်ရှိလဲ

မဆူးပွင့်။ ။ “ကျမ အနေနဲ့ မစုစုနွေးတို့ မဖြူဖြူသင်းတို့ ဦးဆောင်ပြီးတော့ ပြည်တွင်းမှာ အခက်အခဲတွေ၊ ဖိနှိပ်မှုတွေ၊ ဖမ်းဆီးမှုတွေ ကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို လှုပ်ရှားနေတဲ့ အပေါ်မှာ အင်မတန် အားရမိတယ်၊ ဝမ်းသာဂုဏ်ယူမိတယ်ဆိုတာကို ပထမဦးဆုံး ပြောချင်ပါတယ်။ ကျမတို့ နိုင်ငံမှာ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပထမဆုံး နအဖ အနေနဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကို ဆက်လုပ်ဖို့ဆိုတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦးနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ ဆိုတာက ပထမဦးဆုံး လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။

ဒီအပေါ်မှာ ပြည်သူထု တရပ်လုံးက ပါဝင်ပြီးတော့ လူထုခေါင်းဆောင်တွေ လွတ်မြောက်ဖို့အတွက် ဆုတောင်းကြတယ်ဆိုတာက ဒီကနေ့ ဒီအချိန်မှာ အင်မတန် သင့်တော်တဲ့ ကိစ္စပါ။ ပြီးတော့ နိုင်ငံတဝှမ်းလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဒီလို ဖြစ်ထွန်းလာအောင် ဆက်လက် ကြိုးစားသွားဖို့ လိုအပ်နေတယ်။ အတွင်းရော၊ အပြင်ရော ညီညီညွတ်ညွတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ဖို့အတွက် တက်တက်ကြွကြွ ကြိုးစားသွားဖို့ လိုနေတယ်။ တပြိုင်တည်းမှာပဲ ပြည်တွင်းမှာရှိတဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့မှာ လှုပ်ရှားနေတဲ့ တက်ကြွမှုမျိုး၊ တိုင်းရင်းသား ပြည်နယ်တွေမှာလဲ ဒီလို အစပျိုးမှုမျိုးတွေ အစပျိုးနိုင်သလောက် စပြီး အစပျိုးနိုင်ရင် ကောင်းမယ်လို့ ကျမအနေနဲ့ ထင်မြင်ပါတယ်။ အဲဒီအပေါ်မှာလဲ မစုစုနွေးတို့၊ မဖြူဖြူသင်းတို့ အမြင်လေးတွေ သိချင်ပါတယ်။”

“တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကလဲ တကယ့်တကယ်ဆိုရင် အရေးကြီးပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ ဒီမှာ လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား တိုင်းရင်းသား ကိုယ်စားလှယ်တွေရော၊ အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက်လဲ ပါပါတယ်။ အားလုံး လွတ်မြောက်မှ အားလုံး စုပေါင်းပြီးတော့ တိုင်းပြည်အတွက်ကို ကောင်းမွန်အောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အခုလက်ရှိ အခြေအနေအရဆိုရင်လဲ တိုင်းနဲ့ပြည်နယ် အသီးသီးမှာလဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးရော တိုင်းရင်းသားတွေ အနေနဲ့ရော တက်တက်ကြွကြွတွေ လုပ်ဆောင်လာတာ အခုနောက်ပိုင်းဆို တွေ့နေရပါတယ်။ ဥပမာဆို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲမှာဆို လူအင်အား တော်တော်များများနဲ့ ခမ်းခမ်းနားနားလဲ ကျင်းပနိုင်ခဲ့တယ်၊ အခု အာဇာနည်နေ့လို့ အခမ်းအနားတွေမှာလဲ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ခမ်းခမ်းနားနား စည်စည်ကားကားနဲ့ အားလုံး စဉ်းစားနိုင်ဖို့အတွက်ကို အားလုံး ပြင်ဆင်နေကြပါတယ်။”

“ကျမတို့ ပြည်တွင်းမှာက အခက်အခဲတွေက တအားပဲလေ။ ကျမတို့ ရင်ဆိုင်နေရတာ အားလုံးလဲ အသိပဲလေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့အခါမှာ တချို့ မြို့နယ်၊ တိုင်းနဲ့ ပြည်နယ် အသီးသီးတွေမှာ အားရဝမ်းသာနဲ့ ညီမတို့ကို လှမ်းပြီးတော့ ဖုန်းဆက်တာတွေ၊ ဘာတွေ ရှိတယ်လေ။”

ဒီဗွီဘီ ။ ။ နောက်တခု ဆက်မေးချင်တာက အခု သတိပြုမိတာက မြန်မာနိုင်ငံထဲက ဝတ်ပြုဆုတောင်းပွဲတွေ လုပ်နေတဲ့အခါမှာ မေလကဆိုရင် ရက်စက်ပေါ့။ အခုဆိုရင် အပတ်စဉ် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ နေရာဒေသ အသီးသီးမှာ လုပ်နေဆဲ ဖြစ်တယ်ပေါ့။ ဒီလို လှုပ်ရှားမှုတွေမှာ ဥပမာအားဖြင့် ပဲခူးတိုင်း ဇီးကုန်းမြို့နယ်မှာဆိုရင် ဝတ်ပြုပွဲ သွားပြီးအပြန်မှာ အမျိုးသမီး (၄) ယောက် ဂွနဲ့ ပစ်ခံရပါတယ်၊ မန္တလေး မတ္တရာမြို့နယ်မှာဆိုရင်လဲ မတ္တရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင်ဟာ သံလက်သီးနဲ့ အထိုးခံရတယ်၊ ပြီးတော့ မကွေးတိုင်းမှာဆိုရင်လဲ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းမြင့်ကို ဂွနဲ့ပစ်ခံရတယ်ဆိုတော့ တရားခံတွေကိုတော့ မမိသေးဘူးပေါ့။ ဒါ ပြည်တွင်းက အဖြစ်အပျက်ပါ။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပြည်ပမှာရောက်နေတဲ့ လူတွေကရော ဝတ်ပြုဆုတောင်းပွဲတွေကို ကိုယ်နည်းကိုယ့်ဟန်နဲ့ ခေါင်းစဉ်တခုထဲအောက်မှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပုံဖော်လို့ မရနိုင်ဘူးလား။ အဲဒါနဲ့ ပတ်သက်ပြီး ပြည်ပရောက်နေတဲ့ မဆူးပွင့်က နည်းနည်း ရှင်းပြပေးပါလား။

“ကဲ ကျမအနေနဲ့ကတော့ တခုဆွေးနွေးချင်တာက ကျမတို့က ဒီနေ့ ပြောတယ်ပေါ့နော်။ ဒီ ပြည်သူတရပ်လုံးရဲ့ သဘောထားဆန္ဒတွေကို ကျမတို့ ဖော်ထုတ်ဖို့လိုနေတယ်။ ပြည်သူတရပ်လုံးက ဘာပဲပြောပြော နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့တောင်းဆိုနေတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို သွားဖို့အတွက် မျှော်လင့် တောင့်တနေကြတယ်ပေါ့နော်။ ဒီလို အခြေအနေမျိုးတွေမှာ ကျမ အခု အစ်မ မစုစုနွေးတို့၊ မဖြူဖြူသင်းတို့ ဦးဆောင်လှုပ်ရှားနေတဲ့၊ လူထုသဘောထားဆန္ဒဖော်ထုတ်တဲ့ အစီအစဉ်လေးတွေကို ဆန့်ကျင်တဲ့အနေနဲ့ လက်ရှိစစ်အစိုးရဟာ ဆိုလို့ရှိရင် နောက်ထပ် ဒီလုပ်ရပ်တွေကို ဆန့်ကျင်တဲ့ ပြည်သူတွေ ဆိုပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်တွေ ဒီလို တန်ပြန်လှုပ်ရှားမှုတွေနဲ့ လူထုအချင်းချင်းကို အိမ်ကြက်အချင်းချင်း အိုးမဲသုတ်ပြီးတော့ တိုက်ခိုင်းအခွပ်ခိုင်းတဲ့ ကိစ္စမျိုးတွေ၊ ဖြစ်နေတဲ့အပေါ်မှာ ကျမတို့ ဒီလိုလူတွေကို ဘယ်လို နည်းလမ်းမျိုးနဲ့ စည်းရုံးနိုင်မလဲပေါ့နော်။ ဆိုတော့ သူတို့တွေကို ကျမတို့အနေနဲ့ ဒီလိုမျိုးတကယ့် လူထုသဘောမျိုးအတိုင်း ရပ်တည်ဖို့အတွက် ဒီ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်လာအောင် တွန်းပို့နိုင်တဲ့ နေရာတွေမှာ ဖိအားတရပ်အနေနဲ့ ပါဝင်လာနိုင်ဖို့ ဘယ်လိုစည်းရုံးနိုင်မယ်လို့ ကျမတို့ မျှော်လင့်ထားနိုင်ပါသလဲရှင်။”

“ဟုတ်။ အဓိက ကတော့ အခု လက်ရှိအခြေအနေအရ ဆိုလို့ရှိရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတွေရော၊ နောက် စစ်တပ်တွေရော၊ အားလုံးပေါ့နော်။ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်။ တချို့တတွေတော့ ရှိတာပေါ့နော်။ တချို့တတွေကတော့လဲ ခိုင်းတာလုပ်၊ ပေးတာယူ ကျွေးတာစားပေါ့နော်။ အဲလိုလူမျိုးတွေလဲ ရှိနေသေးတာပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ အနေနဲ့ စိတ်ရှည်ရှည်ထားပြီးတော့ ကျမတို့လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာဖြစ်တယ်။ ကျမတို့ဟာ အားလုံးအတွက်လုပ်ဆောင်နေတဲ့ဟာ ဖြစ်တယ်ဆိုတာကို သူတို့တတွေအားလုံးသိအောင် ကျမတို့တတွေ ပိုပြီးလုပ်ပြနိုင်ဖို့လိုပါတယ်။ နောက်အခါကျရင် သူတို့လုပ်ဆောင်ချက်တွေက မှားနေမှန်း သူတို့သိလာတဲ့ အခါကျရင် သူတို့ဟာသူတို့ ပြင်လာမှာဖြစ်ပါတယ်။ အဲဒီလို အခြေအနေအထိရောက်အောင် ကျမတို့က ကြိုးစားဖို့လိုပါတယ်။”

ဟုတ်ကဲ့ အခုဟာက အခုမေးမဲ့ မေးခွန်းလေးကတော့ ဒီအစိုးရထုတ်သတင်းစာတွေမှာပေါ့နော်၊ ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးသမားတွေ လွတ်မြောက်ဖို့အတွက် ဝတ်ပြုဆုတောင်းပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေ ပြန်လွှတ်တဲ့ သတင်းမှာ ဒီလူတွေဟာ အလုပ်မရှိအကိုင်မရှိ၊ ပေါ့ပေါ့နေပေါ့ပေါ့စားတွေဆိုပြီးတော့ ရေးသားတဲ့အပေါ်မှာရော ကိုယ်တိုင်အတူတူ အဖမ်းဆီးခံရပြီးတော့ အဲဒီလိုမျိုးအပြောခံရတဲ့ အပေါ်မှာရော။ ဘယ်လိုမျိုးတုံ့ပြန်ချင်ပါသလဲခင်ဗျ။

“ကျမတို့ သူတို့စွပ်စွဲသလို အလုပ်မရှိအကိုင်မရှိ မဟုတ်ပါဘူး။ ကျမဆိုရင်လဲ ကျမတို့ရုံးချုပ်မှာ အလုပ်တွေ အများကြီးရှိတယ်။ အဲလိုပဲ ကျမ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ပတ်သက်ပြီးတော့လဲ နေ့စဉ်နှင့်အမျှ ကျမတို့ လုပ်ပေးနေရတာတွေရှိပါတယ်။ မိုးလင်းက မိုးချုပ်လုံးဝမနားရပါဘူး။ ကျမတို့ အခု ဖမ်းဆီးလိုက်တာနဲ့ တလအတွင်းမှာပဲ တော်တော်များများ ပြဿနာတွေ ဖြစ်လာတယ်။ လူနာတွေရဲ့ အခက်အခဲတွေ အများကြီးဖြစ်လာတယ်။ ကျမတို့ အားပြီးထလုပ်တာမဟုတ်ဘူး။ ကျမတို့ လုံးဝမအားတဲ့ ကြားထဲက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှသာလျှင် ကျမတို့ တိုင်းပြည်ရဲ့အခြေအနေ ကောင်းမွန်မယ်ဆိုတာ သိတဲ့အတွက်ကို မအားတဲ့ ကြားထဲက ထလုပ်ရတာဖြစ်ပါတယ်။ ကျမတို့ အားနေလို့မဟုတ်ပါဘူး။ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်မို့လို့ ကျမတို့ ထလုပ်တာဖြစ်ပါတယ်။” “ကျမတို့ ရုံးမှာဆိုလဲ ကျမတို့ရဲ့ အဖွဲ့ချုပ်မှာဆိုလဲလေ ရုံးတာဝန်တွေနဲ့သူ့ဟာနဲ့သူ အလုပ်လုပ်နေရတယ်။ သူ့အလုပ်နဲ့သူ ကြပ်နေတယ်။ ကျမဆိုလဲ အဓမ္မလုပ်အားပေးတွေ လယ်သမားကိစ္စတွေ၊ ကျမတို့ကိစ္စအားလုံးအတွက် ကျမတို့ မြန်မာနိုင်ငံမှာ ဆင်းရဲဒုက္ခရောက်နေတဲ့ အထွေထွေ ကြပ်တည်းနေတဲ့ ဘဝတွေက လွတ်မြောက်အောင် အားလုံးအတွက်ကို ကျမတို့ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်ကို မအားတဲ့ ကြားထဲကနေပြီးတော့ တောင်းဆိုပေးနေရတာဖြစ်တယ်။ အားလုံးအတွက်ကို လုပ်ပေးနေတာ ကျမတို့က အားလို့လုပ်နေတာမဟုတ်ဘူးဆိုတာမျိုးကိုတော့ ကျမပြောချင်ပါတယ်။”

ဟုတ်ကဲ့ မစုစုနွေးတို့အနေနဲ့က ပြည်သူတွေကို စည်းရုံးနေတယ်ပေါ့နော်။ အခုဟာက အစိုးရကလဲ ဝတ်ပြုဆုတောင်းပွဲတွေကို တားတာဆီးတာ၊ ဖမ်းတာဆီးတာတွေကလဲ ပြည်သူတွေ ငါတို့ ပြည်သူတွေကွဆိုပြီးတော့ ပြောတဲ့အသံတွေလဲ ကျနော်တို့ ကြားနေရတယ်ဆိုတော့ ပြည်သူတွေ ဆိုပြီးတော့ ပြောတယ်ပေါ့နော်။ အဲဒီတော့ ဝတ်ပြုဆုတောင်းပွဲ မတိုင်ခင်ကတည်းက ပြည်သူဆိုတဲ့ အသုံးကို ဒီ ဟင်္သာတ ရိုက်နှက်မှုမှာတုန်းကလဲ ဒီ ပြည်သူတွေကပါဆိုပြီးတော့ အာဏာပိုင်တွေက သတင်းစာကနေပြီးတော့ နောက်လုပ်လို့ရှိရင် ဒီလိုမျိုး အလားတူပုံစံမျိုးတွေ ဖြစ်မယ်ဆိုတော့ ခြိမ်းခြောက်တာမျိုးတွေ ကျနော်တို့ တွေ့ရတယ်ဆိုတော့ အဲဒီလိုမျိုး ပြည်သူဆိုတဲ့ အစ်မတို့ကလဲ ပြည်သူ အစိုးရကလဲ ပြည်သူဆိုတဲ့ အခါမှာ မစုစုနွေးတို့အနေနဲ့ ဘယ်လိုမျိုးရှင်းပြပြီးတော့ ခွဲပြပြီးတော့ စည်းရုံးပါသလဲ ခင်ဗျ။

“ဟုတ်ကဲ့ ကျနော်တို့ ပြည်သူတွေပါဆိုပြီးတော့ ကျမတို့ကို တားတဲ့ အခါမှာပေါ့နော်။ ဒါ ကျမတို့ကို ပထမဦးဆုံး ပြည်သူတွေပါလို့တားတယ်။ တားပြီးတော့ ကျမတို့ကို အတင်း အဓမ္မ ဆွဲအတင်ခံရတယ်။ အဲဒီအချိန်မှာ ပြည်သူတွေပါဆိုပြီးတော့ တားတဲ့လူတွေက ကျမတို့ ကျိုက္ကဆံ စစ်ကြောရေးကို ရောက်သွားတဲ့အခါမှာ ကျမကနေပြီးတော့ သက်ဆိုင်ရာ ကျမတို့ကို လာစစ်ဆေးတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ကျမက ပြောတယ်။ ကျမတို့ ပြည်သူတွေပါဆိုပြီးတော့ တားလိုက်တဲ့လူတွေနဲ့ ကျမတို့နဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းခွင့်ပေးပါ။ အဲလို မျက်နှာချင်းဆိုင် ဖြေရှင်းခွင့်ပေးမှသာ တဦးက မှားတယ်၊ တဦးက မှန်တယ်ဆိုတာ နားထောင်ပြီးတော့ အပြစ်ရှိတဲ့လူကို အပြစ်ပေးပါပေါ့။ အဲလိုမျိုးပြောပါတယ်။ အဲလို ပြောတဲ့အခါမှာ ကျမတို့ကို တာဝန်ယူစစ်ဆေးနေတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက ဒီလူတွေဟာ ဘယ်သူတွေပါ။ သူတို့က ဘယ်ကပါလို့ ကျမတို့ကို ဖြေရှင်းပြတာမျိုးမပြောပြနိုင်ပါဘူး။ ပြည်သူ့အရေခြုံပြီးတော့ပေါ့နော်။ စစ်မှန်တဲ့ ပြည်သူတွေ၊ ရိုးသားတဲ့ ပြည်သူတွေကို အမည်းရောင်ဆိုးပြီးတော့ ပြည်သူကို ခုတုံးလုပ်ပြီးတော့ ကျမတို့ကို ပြည်သူချင်းတိုက်ခိုက်နေတာကို ကျမတို့က ပြည်သူတွေဆီကို ရောက်တဲ့အခါကျတော့ ကျမတို့ ပြည်သူတွေက ရိုးသားတယ်။ ဖြူစင်တယ်။ အခုလိုမျိုးအလုပ်မျိုးကို ကျမတို့ ပြည်သူတွေက မလုပ်ဘူး။ ဒါကိုလဲ ကျမတို့ ပြည်သူတွေက နားလည်ကြမှာပါလို့ ကျမတို့ ဖြေရှင်းပြပါတယ်ရှင်။ ဖြေရှင်းပြပြီးတော့ ပြည်သူအစစ်နဲ့ အတုကိုပေါ့နော်။ ကျမတို့ ပြည်သူလူထုတွေသိအောင် ဖြေရှင်းပြတယ်။ ဆွေးနွေးတယ်။ သူတို့ကျမတို့အပေါ်မှာထားတဲ့ သဘောထားတွေအပေါ်မှာ ကျမတို့သူတို့ကို ပြန်ပြောပြတယ်။ ပြည်သူအစစ်တွေကို ကျမတို့ပြန်ပြောပြတယ်။”

ဟုတ်ကဲ့ခင်ဗျ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။ အခု မဆူးပွင့်က မဖြူဖြူသင်းကို အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ပြီးတော့ ပြည်ပရောက်အမျိုးသမီးတယောက်အနေနဲ့ သူချင်တဲ့ဟာကို မေးပါလိမ့်မယ်ခင်ဗျ။

“ဟုတ်ကဲ့ ကျမတို့ ဒီနေ့ ပြည်ထဲမှာဆိုလို့ရှိရင် အဓမ္မလုပ်အားပေးစေခိုင်းတဲ့ကိစ္စတွေ အခုနကလိုမျိုး ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့နေတဲ့ ကိစ္စတွေ အထူးသဖြင့် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ ဝေဒနာသည်တွေအပေါ်မှာ လစ်လျူရှု၊ ဥပေက္ခာပြုထားတဲ့ကိစ္စတွေပေါ့နော်၊ ဒါတွေကို အခြေခံပြီးတော့ ဒီလိုပြဿနာတွေအားလုံးဟာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့တောင်းဆိုနေတယ်ဆိုတဲ့ အဆင့်ကို ရောက်လာအောင် ဒီ မဖြူဖြူသင်းတို့ အနေနဲ့ လူထုထဲမှာ ဘယ်လိုပုံစံမျိုးနဲ့ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ခဲ့သလဲ ဆိုတာ ကျမသိချင်ပါတယ်။”

“အဓိက ကတော့ ကျမအနေနဲ့ ကျန်းမာရေးပြန်လည်စောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ လူနာတွေ တော်တော်များများဟာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလဲဆိုတော့ ဒီရောဂါအကြောင်းကို ဘာမှမသိရဘူး။ သေဆုံးတဲ့အခါမှာလဲ ဘာကြောင့်သေဆုံးမှန်းကို မသိတဲ့ အခြေအနေတွေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးကျမတို့ဆီရောက်လာတဲ့ အခါမှာ ကျမ လူနာတွေကို သေသေချာချာ ပြောပြတယ်။ အဓိက တာဝန်ရှိတာက လက်ရှိတာဝန်ယူထားတဲ့ အာဏာပိုင်တွေမှာ တာဝန်ရှိတယ်။ အဲလိုပဲ သူတို့မဖြေရှင်းပေးဘူး။ မဖြေရှင်းပေးလို့ရှိရင် ကျမတို့ ဒီလူနာတွေ ကိုယ်တိုင်ကလဲ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရနိုင်အောင် ကိုယ်ကိုယ်တိုင် ကြိုးစားဖို့လိုတယ်။

နောက်တခုကကျတော့ ကျမတို့ဆေးသောက်တဲ့လူနာတွေ ရှိနေတယ်။ တခြားဆေး မရတဲ့သူတွေ အများကြီးပဲ။ အဲဒီဆေးမရပဲနဲ့ နေ့စဉ်သေဆုံးနေတဲ့ လူတွေအတွက်ကိုလဲ ဆေးရနေတဲ့ လူနာတွေအနေနဲ့က ပြန်ပြီး ကိုယ်ချင်းစာနာနိုင်ဖို့ သူတို့အတွက်ကို ပြန်ပြီးအကူအညီပေးနိုင်ဖို့ သူတို့အတွက် ဆေးဝါးရရှိဖို့အတွက်ကို ကိုယ့်အခွင့်အရေး ကိုယ်ရရှိဖို့အတွက်ကို ကျမ အမြဲတမ်း သူတို့ကို ပြောပြပါတယ်။ အခြားနိုင်ငံတွေမှာ ထိန်းချုပ်ထားလို့ရနေပြီ။ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ဒီကိစ္စကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်တယ်။ အေအာဗွီဆေးဝါး သုံးလို့ရှိရင် ကျန်းမာရေး ပြန်လည် ကောင်းမွန်မယ်။ အလုပ်ပြန်လည်လုပ်နိုင်မယ်။ အဲလိုဟာမျိုးတွေကို တယောက်မှ အခွင့်အရေးမရဘူး။

ဒီလိုလုပ်ပေးရမှာ ကျမတို့မှာလဲ တာဝန်ရှိသလို လူနာတွေအားလုံးမှာလဲ တာဝန်ရှိတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်အခွင့်အရေးရရှိဖို့အတွက်ကို ကိုယ်ကိုယ်တိုင် ကြိုးစားဖို့လိုတယ်။ အဲလို ကျမက သေသေချာချာ ပြောပြတဲ့အခါကျတော့ လူနာတွေ တော်တော်များများလဲ သိလာတယ်။ အခုနောက်ပိုင်းဆိုလို့ရှိရင် သူတို့ကိုယ်တိုင် သူတို့သိလာတယ်။ ဆေးရဖို့အတွက် သူတို့ ကြိုးစားကြမယ်။ သူတို့နဲ့ ဘဝတူလူတွေကိုလဲ သူတို့ပြန်ပြီးတော့ သူတို့ရပ်ရွာတွေရောက်တဲ့အခါမှာ သူတို့ ပြန်ပြီးတော့ ကြိုးစားပေးတယ်။ ကျမနဲ့ အမြဲတမ်းအဆက်အသွယ် မပြတ်လုပ်ပေးနိုင်တယ်ဆိုတာ ကျမ အဲလိုနည်းနဲ့ သူတို့ကို ဒါကတော့ လူမှုရေးနဲ့ ဆက်သွယ်ပြီး၊ နိုင်ငံရေးအကြောင်းပေါ့နော်။ သူတို့ကို အမြဲတမ်းကျမ ရှင်းပြပေးပါတယ်။”

ဟုတ်ကဲ့ အခုလိုမျိုး မအားမလပ်တဲ့ ကြားကနေပြီးတော့ အချိန်ပေးပြီတော့ ဒီမိုကရက်တစ် မြန်မာ့အသံ အစီအစဉ်တခုမှာ တက်တက်ကြွကြွနဲ့ ပါဝင် ဆွေးနွေးပေးခဲ့ကြတဲ့ မစုစုနွေးနဲ့ မဖြူဖူသင်း ဒီမိုကရက်တစ် မြန်မာ့ အသံရဲ့ စတူဒီယိုကို လာရောက်ဆွေးနွေးပေးတဲ့ မဆူးပွင့်တို့ သုံးဦးစလုံးကို ကျနော်တို့ ဝိုင်းတော်သား အားလုံးကနေပြီးတော့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီ့ထက်ပိုပြီးတော့ လောကဓံကို ပိုပိုပြီးတော့ ကြံ့ကြံ့ခံနိုင်ပါစေဆိုပြီးတော့လဲ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။

Read More...

Friday, June 8, 2007

su su nway was freed


လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး ပြန်လည်လွတ်မြောက်လာ

ဉာဏ်မောင်။ yoma 3, ဇွန် ၈၊ ၂၀၀၇

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်ရေးအတွက် လှုပ်ရှားမှုဖြင့် ဖမ်းဆီးခံခဲ့ရသူ၊ ထင်ရှား သည့် လူ့အခွင့်အရေးဆောင်ရွက်သူ မစုစုနွေး လွတ်မြောက် လာခဲ့သည်။

စစ်အစိုးရက သူမနှင့် (NLD)ပါတီဝင်များအား ဖမ်းဆီးခဲ့ပြီး နောက် ကျန်းမာရေးကြောင့် ဆေးရုံတက်ရောက်ကုသနေစဉ် ယမန်နေ့က လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

လွန်ခဲ့သည့်လ (၁၅) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဘုရားတွင် ၀တ်ပြုဆုတောင်းရန် သူမနှင့်အတူ သွားရောက်ခဲ့ရာ အာဏာ ပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် အခြား (NLD)ပါတီဝင်များကိုမူ စစ်အစိုးရက ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်သည်။

“စုစုနွေးကို စောင့်နေတဲ့ ရဲလုံခြုံရေးအစောင့်အရှောက်တွေ ဒီနေ့ ရုတ်သိမ်းလိုက်ပါတယ်။ သူမကိုလဲ ဖမ်းဆီးချုပ်နှောင်ထားမှုမရှိတော့ဘူး၊ သူမဟာ ဆရာဝန် ညွှန်ကြားချက်အရ ဆေးရုံမှာဘဲ ဆက်လက်ဆေးကုသခံနေရဦးမှာပါ”ဟု (NLD)ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်သိန်းက ဆိုသည်။

ဆုတောင်းပွဲကို ဦးဆောင်ခဲ့သူအား ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည့်အတွက် စုစုနွေးနှင့်အတူ အဖမ်းခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း လွှတ်ပေးရန် တောင်းဆိုကြောင်း ဦးမြင့်သိန်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံအနှံ့ လှုပ်ရှားသူများကို ခြိမ်းခြောက်ဟန့်တားခြင်း၊ ဖမ်းဆီးခြင်းများကို ပြီးခဲ့သည့်လအတွင်း အပြင်းအထန် ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ တောင်းဆိုဖိအားပေးနေသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို တနှစ်ထပ်မံတိုးမြှင့်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။

ဆူပူလှုပ်ရှားသူများဟု စစ်အစိုးရက သဘောထားကွဲလွဲသူများအပေါ် အမြဲတစေ ပုတ်ခတ် ပြောဆိုခဲ့ပြီး နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများအား ကန့်သတ်ပိတ်ပင်ကာ ၄င်းတို့ဖွဲ့စည်းထားသည့် အသင်းအပင်းများဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများကို ဖန်တီးခဲ့ရာတွင် ပြည်သူအမည်ခံကာ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုများကို နိုင်ငံအနှံ့ပြုလုပ်ခဲ့သည်။

နိုင်ငံတကာမှ နိုင်ငံရေးအကျဉ်းသားများအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုနေသည့်အချိန် တွင် စစ်အစိုးရက ပြီးခဲ့သည့်တလအတွင်း နိုင်ငံရေးလှုပ်ရှားသူ (၉၉)ဦးကို ဖမ်းဆီးခဲ့ပြီး (၂၄)ဦး ကို ပြန်လွှတ်ကာ (၃)ဦးကို ထောင်ဒဏ်အပြစ်ချမှတ်ခဲ့ပြီး (၇၃)ဦးမှာ ချုပ်နှောင်ခံထားရဆဲဖြစ် သည်ဟု ယခုလဆန်းက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း(မြန်မာနိုင်ငံ) (AAPP) က ထုတ်ပြန်ခဲ့သည်။


Read More...

Tuesday, May 8, 2007

Daw Suu T Shirt

ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသော အင်္ကျီ ဝတ်လျှင် ဘုရားတက်ခွင့်မပြု
Kaowao မေ ၈၊ ၂၀၀၇

ဒီနေ့ မနက် ၁၀ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသော အင်္ကျီကို ဝတ်ပြီး ရွှေတိဂုံဘုရားတက်လာသော အမျိုးသမီး ၇ ဦးကို ဘုရားဂေါပကတွေက တက်ခွင့်တားမြစ်လိုက်သည်။

အဆိုပါအမျိုးသမီး ၇ ဦးထဲတွင် မစုစုနွေး၊ ဒေါ်အုန်းလှတို့လည်း ပါဝင်ကြောင်း ရန်ကုန်မှလာသောသတင်းအရ သိရသည်။

“ဂေါပကတွေကတော့ ဘုရားပေါ် တက်ချင်ရင် ဒေါ်အောင်ဆန်းစုကြည်ပုံပါအင်္ကျီကို ချွတ်ဖို့ တောင်းဆိုပါတယ်။ အမျိုးသမီးတွေကတော့ ပထမမှာ တင်းခံပေမဲ့ နောက်ပိုင်းမှာ အလျော့ပေးလိုက်ကြတယ်”ဟု နီးစပ်သူတစ်ဦး ပြောကြားသည်။

ဒေါ်အုန်းလှသည် အင်္ဂါနေ့တိုင်း ရွှေတိဂုံဘုရား၏ အင်္ဂါထောင့်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပါတ်စဉ် ဆုတောင်းနေကျဖြစ်သည်။ ယခင်က ဆုတောင်းရာမှာ ရွှေတိဂုံဘုရားဂေါပကတွေနဲ့ မကြာခဏ ပြဿနာတက်ခဲ့ဖူးကြောင်း သိရသည်။

လွန်ခဲ့သောအပတ်က မစုစုနွေးသည် ဒေါ်အောင်ဆန်းစုကြည် ပုံပါသော အင်္ကျီ ဝတ်ပြီး ဆူးလေဘုရားတွင် ဆုတောင်းခဲ့သည်။

Read More...

Monday, February 12, 2007

on Union Day

suu suu nway on union_day_2007 AFP Photo

Read More...