Tuesday, May 8, 2007

Daw Suu T Shirt

ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသော အင်္ကျီ ဝတ်လျှင် ဘုရားတက်ခွင့်မပြု
Kaowao မေ ၈၊ ၂၀၀၇

ဒီနေ့ မနက် ၁၀ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသော အင်္ကျီကို ဝတ်ပြီး ရွှေတိဂုံဘုရားတက်လာသော အမျိုးသမီး ၇ ဦးကို ဘုရားဂေါပကတွေက တက်ခွင့်တားမြစ်လိုက်သည်။

အဆိုပါအမျိုးသမီး ၇ ဦးထဲတွင် မစုစုနွေး၊ ဒေါ်အုန်းလှတို့လည်း ပါဝင်ကြောင်း ရန်ကုန်မှလာသောသတင်းအရ သိရသည်။

“ဂေါပကတွေကတော့ ဘုရားပေါ် တက်ချင်ရင် ဒေါ်အောင်ဆန်းစုကြည်ပုံပါအင်္ကျီကို ချွတ်ဖို့ တောင်းဆိုပါတယ်။ အမျိုးသမီးတွေကတော့ ပထမမှာ တင်းခံပေမဲ့ နောက်ပိုင်းမှာ အလျော့ပေးလိုက်ကြတယ်”ဟု နီးစပ်သူတစ်ဦး ပြောကြားသည်။

ဒေါ်အုန်းလှသည် အင်္ဂါနေ့တိုင်း ရွှေတိဂုံဘုရား၏ အင်္ဂါထောင့်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပါတ်စဉ် ဆုတောင်းနေကျဖြစ်သည်။ ယခင်က ဆုတောင်းရာမှာ ရွှေတိဂုံဘုရားဂေါပကတွေနဲ့ မကြာခဏ ပြဿနာတက်ခဲ့ဖူးကြောင်း သိရသည်။

လွန်ခဲ့သောအပတ်က မစုစုနွေးသည် ဒေါ်အောင်ဆန်းစုကြည် ပုံပါသော အင်္ကျီ ဝတ်ပြီး ဆူးလေဘုရားတွင် ဆုတောင်းခဲ့သည်။

Read More...

Monday, February 12, 2007

on Union Day

suu suu nway on union_day_2007 AFP Photo

Read More...

Thursday, December 7, 2006

John Humphrey award goes to Su Su Nway

မစုစုနွေးအား John Humphrey ဆု ချီးမြှင့်တဲ့ အခမ်းအနား ကနေဒါနိုင်ငံတွင် ကျင်းပပြုလုပ်
ဗွီအိုအေ
၇ ဒီဇင်ဘာ ၂ဝဝ၆

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို ပြန်ပြီး တရားစွဲဆိုခဲ့သူ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာသူ မစုစုနွေးကို ကနေဒါနိုင်ငံ အခြေစိုက် Human Rights and Democracy လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအဖွဲ့ကြီးက ဂျွန်ဟန်ဖရီ
လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။ ကျနော်တို့ အခု အသံလွှင့်နေတဲ့အချိန်မှာ အဲဒီ ဆုပေးပွဲ အခမ်းအနားကို ကျင်းပနေဆဲပဲ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားနဲ့ ဆက်သွယ်ပြီးတော့ ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အခု ကျနော်တို့ အသံလွှင့်နေတဲ့အချိန်မှာပဲ ကနေဒါနိုင်ငံ အော်တဝါမြို့
စီဗယ်လိုက်ဇေးရှင်း ပြတိုက်ခန်းမမှာ ဆုပေးပွဲအခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။
ကနေဒါ စံတော်ချိန် ညနေ ခြောက်နာရီခွဲ၊ မြန်မာ နိုင်ငံမှာ ဒီဇင်ဘာ ၇ ရက်၊ ကြာသာပတေးနေ့ မနက်အချိန်မှာပါ၊ ဒီအခမ်းအနားမှာ ရောက်ရှိနေတဲ့ ဗွီအိုအေမြန်မာပိုင်းအစီအစဉ် သတင်းထောက် ဦးကျော်မိုးကို ကျနော်တို့ ဆက်သွယ်မေးကြည့်ပါမယ်။

“အော်တဝါမြို့ရဲ့ စီဗယ်လိုက်ဇေးရှင်း ပြတိုက်မှာပေါ့နော် ဒါဟာ မြို့မျက်နှာဖုံးခန်းမကြီးမှာ
အဖွဲ့ဥက္ကဌ နဲ့ နိုင်ငံခြားရေးဌာနက အရာရှိတွေ၊ နောက် ကနေဒါမှာ မြန်မာ့အရေးကို လုပ်နေတဲ့
အလုပ်သမားသမဂတွေ ပုဂိုလ်တွေလည်း လာကြပါတယ်။ ကနေဒါ အော်တဝါမြို့မှာရှိတဲ့ မြန်မာ
မိသားစုတွေကလည်း ဒီမှာ အိုးစည်ဒိုးပတ်ဝိုင်းနဲ့ အငြိမ့်တွေ၊ မယ်ဒလင်တွေနဲ့ ဧည့်ခံပွဲ လုပ်ကြပါတယ်။

အဲတော့ ဒီနေ့က ကျတော့ မြန်မာပြည်နဲ့ ပတ်သက်လို့ စုစုနွေးရဲ့ သတ္တိကို ချီးမွမ်းတဲ့အပြင် တချိန်တည်းမှာပဲ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကို ကနေဒါနိုင်ငံရဲ့ နာမည်အကြီးဆုံး စီဗယ်လိုက်ဇေးရှင်း ပြတိုက်မှာ ပြသခွင့်ရတဲ့နေ့ဆိုတော့ တက်တက်ကြွကြွ ဖြစ်နေကြတယ်။ ”

ကိုကျော်မိုး ပြောပြသွားတာပါ။

ဂျွန်ဟန်ဖရီ လူ့အခွင့်အရေးဆုဟာ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် ရုန်းကန်လှုပ်ရှားသူတွေ၊
တသီးပုဂလနဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်ချီးမြင့်တဲ့ ဆု ဖြစ်ပါတယ်။ ကုလသမဂ လူ့အခွင့်အရေးဆိုင်ရာ ပဋိဉာဉ်စာတမ်း ရဲ့ ပထမမူကြမ်းကို ပြင်ဆင်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေပါမောက္ခ ဂျွန် ပီတာ ဟန်ဖရီ ကို ဂုဏ်ပြုပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အဖွဲ့ကြီးက
နှစ်စဉ် ဆု ချီးမြှင့်တာ ဖြစ်ပါတယ်။

ဒီ ဆုပေးပွဲ မကျင်းပခင် နာရီပိုင်းကပဲ အဖွဲ့ကြီးရဲ့ ဥက္ကဌ မစ္စတာ ဂျင်းလူစီရေး
ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ သူက ဒီနှစ်အတွက် ကမ္ဘာတဝှမ်း က
ဆုပေးထိုက်တယ် ဆိုပြီး အဆိုပြုတဲ့သူ ၁၂ဝ ရှိခဲ့တဲ့အထဲက သေချာစီစစ်ပြီး မြန်မာနိုင်ငံက မစုစုနွေးကို ဆုချီးမြှင့်ခဲ့တာ လို့ ပြောပါတယ်။ ဒါ့အပြင် -

“ဒီနှစ်ဆယ့်တစ်ရာစုမှာ အဓမ္မ လုပ်အားပေးခိုင်းစေတာတွေကို ဆန့်ကျင်တိုက်ပွဲဝင်တာတွေဟာ သိပ်ကို အံ့သြချီးကျုးဖို့ ကောင်းပါတယ်။ ဒီလို တိုက်ပွဲဝင်တာကို ကျနော်တို့က အသိအမှတ်ပြုပါတယ်။ တချိန်တည်းမှာ ကမ္ဘာတဝှမ်းမှာ သန်းနဲ့ချီတဲ့သူတွေ သူတို့ရဲ့ အခွင့်အရေးအတွက် အဓမ္မ လုပ်အားပေးစေခိုင်းမှုတွေ ကြားထဲက တိုက်ပွဲဝင်နေတယ်ဆိုတာကို ကျနော်တို့ကို သတိရစေပါတယ်” လို့ မစ္စတာ ဂျင်းလူစီရေး က ပြောသွားတာပါ။

တောင်အာဖရိက ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု၊ လက်တင်အမေရိကနဲ့ အာဖရိကတိုက်နိုင်ငံတွေမှာ ရုန်းကန် လှုပ်ရှားခဲ့တဲ့ ဒီမိုကရေစီရေးတိုင်း ကျဆုံးခဲ့တာ မရှိပါဘူး။ မြန်မာပြည်သူတွေ မလွှဲမသွေအောင်ပွဲရရမှာပါလို့ သူက ဖြေပါတယ်။ ဒါ့အပြင် -
“အဆုံးမှာ လွတ်မြောက်ရေးဆိုတာ သေနတ်နဲ့ခြိမ်းခြောက်မှုထက် ပိုပြီး ခိုင်မာပါတယ်။ မြန်မာပြည်သူတွေရဲ့ လွတ်မြောက်ရေးအတွက် လှုပ်ရှားနေတာကို ကျနော်တို့က သိလို့ မစုစုနွေးကို အခုလို ဆုချီးမြင့်တာပါ။ ကျနော်တို့နဲ့အတူ ကမ္ဘာပြည်သူတွေ အတူတကွ ရှိနေပါတယ်။ မြန်မာ့အရေးကို အစွမ်းကုန်ကူညီနိုင်ဖို့ နည်းလမ်းတွေ ရှာကြမှာပါ။ မြန်မာပြည်လို လူတွေ သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ထွက်ပြေးပြီး ရွာတွေ ထောင်နဲ့ချီ ဖျက်ဆီးခံနေရတာတွေဟာ ဒီနေ့ခေတ်မှာ မရှိသင့်တော့ပါဘူး။ လူ့ယဉ်ကျေးမှုနိမ့်ကျတဲ့ အလယ်ခေတ်မှာ ကျန်ခဲ့သင့်ပါပြီ” လို့ ပြောဆိုသွားတာပါ။

ဆုပေးပွဲအခမ်းအနားကို ရောက်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကလဲ မစုစုနွေးကို ဆု ချီးမြှင့်တဲ့အပေါ် အခုလို ပြောပါတယ်။
“မစုစုနွေးရဲ့လုပ်ဆောင်ချက်တွေ၊ သူ့ရဲ့ ပြည်သူလူထုဘက်က ရပ်တည်တယ်။ အဲဒီတော့ ကျနော်တို့အားလုံးဟာ ဂုဏ်ယူရမယ်။ ကျနော်တို့ ဒီမှာဆိုရင် အကြီးအကျယ်ပဲ ကျနော်တို့ ဒီမှာ ခန်းမထဲမှာ ရောက်နေတယ်။ ကနေဒါမှာ ဆု ပေးပွဲကို အကြီးအကျယ် လုပ်ဆောင်ရမှာ။ ကျနော်တို့အနေနဲ့ အများကြီး ဂုဏ်ယူပါတယ်။”

ဒေါက်တာစိန်ဝင်း ပြောဆိုသွားတာပါ။ ကနေဒါနိုင်ငံ မြန်မာ့မိတ်ဆွေများအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ
ဦးတင်မောင်ထူး ကလဲ အခုလို မစုစုနွေးကို ဆုချီးမြှင့်တဲ့အတွက် ကနေဒါနိုင်ငံအတွင်းမှာ မြန်မာ့အရေးကို စိတ်ဝင်စားလာကြတယ်လို့ ပြောပါတယ်။

“ကနေဒါမှာ ဒီဆုကို ပေးလိုက်တာနဲ့ တချိန်တည်းမှာပဲ ကနေဒါ ပြည်သူတွေအနေနဲ့ ပိုပြီးတော့ မြန်မာပြည်ရဲ့ အခြေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပိုပြီးတော့ သိရှိလာစေတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ ရက်ပိုင်းအတွင်းမှာဆိုရင် ကနေဒါမီဒီယာ တော်တော်များများ မစုစုနွေးနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ရေးကြတာတွေ့ရပါတယ်။”
ဦးတင်မောင်ထူးပြောပြသွားတာပါ။ ဒီအဖွဲ့ကြီးရဲ့ အင်တာနက်စာမျက်နှာမှာတော့ ကနေဒါနိုင်ငံကို လာရောက်နိုင်ခြင်း မရှိတဲ့အကြောင်း၊ မစုစုနွေးပြောထားတဲ့ စကားတွေကို ပြန်ပြီး ဖော်ပြထားပါတယ်။ မြန်မာပြည် ဒီမိုကရေစီရတဲ့အချိန် လာခဲ့မယ်လို့ ပြောလိုက်ပါဆိုတဲ့ အမှာစကားနဲ့အတူ မစုစုနွေးရဲ့ အကြောင်းတွေကို ဖော်ပြထားတာပါ။


Read More...

Tuesday, June 6, 2006

suu suu nway was relased after 8 months in prison

ထန်းမနိုင်ရွာသူ မစုစုနွေး လွတ်မြောက်ပြီ
NEJ / ၆ ဇွန် ၂ဝဝ၆ / ၁၈း၄၅

လူ့အခွင့်အရေးအတွက် ရဲရင့်စွာတိုက်ပွဲဝင်၍ ထင်ရှားသည့် ထန်းမနိုင်ရွာသူ မစုစုနွေးကို မြန်မာစစ်အစိုးရက အင်းစိန်ထောင်မှ ယနေ့မွန်းလွဲ (၁) နာရီကျော်၌ လွှတ်ပေးလိုက်ပြီဖြစ်သည်။
မစုစုနွေးသည် ထောင်မှလွတ်လွတ်ချင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးသို့ ရောက်ရှိလာသည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သည့် ဦးဉာဏ်ဝင်းကပြောသည်။


၎င်းက “ထောင်အရာရှိတွေ ပြောတာက ကျင့်ထုံးဥပဒေပုဒ်မ (၁ဝ၁) ပေါ့၊ နိုင်ငံတော်သမ္မတ ရဲ့ လွတ်ငြိမ်းခွင့် ပြဋ္ဌာန်းခွင့်ဥပဒေအရ သူ့ကိုလွှတ်လိုက်တယ်။ သူက ထောင်ထဲမှာ (၇) လနဲ့ (၂၃) ရက် နေခဲ့ရတယ်။ (၁ဝ) လ ကျန်သေးတယ်။ ကျန်တဲ့ ပြစ်ဒဏ်တွေကိုလည်း ပယ်ဖျက်လိုက်တယ် လို့ ပြောတယ်” ဟု ရှင်းပြသည်။

မစုစုနွေးသည် နှလုံးရောဂါအခံကြောင့် အနည်းငယ် အားနည်းသည်မှအပ ကျန်းမာသည်ကို တွေ့ရကြောင်း မစုစုနွေး၏အမှုတွင် လိုက်ပါဆောင်ရွက်ပေးခဲ့သူတဦးဖြစ်သည့် ဦးဉာဏ်ဝင်းက ပြောသည်။

မစုစုနွေးလွတ်မြောက်ခြင်းနှင့်ပတ်သက်၍ “အုပ်ချုပ်ရေးအာဏာအရ လွှတ်တယ်ဆိုတဲ့အပေါ်မှာ အန်ကယ်တို့စဉ်းစားကြည့်တာကတော့ အလုပ်သမားရေးရာတွေနဲ့ ပတ်သက်လို့ရှိရင် အာဏာပိုင်တွေက ပြုပြင်ပြောင်းလဲတဲ့ သဘောထားတွေ ရှိလာတယ်လို့ အန်ကယ်တို့ အဲဒီလောက်ပဲ တွေးလို့ရပါတယ်” ဟု ဦးဉာဏ်ဝင်းက သုံးသပ်သည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ရွာသူ အသက် (၃၄) နှစ်ရှိ မစုစုနွေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ဖြစ်ပြီး အဓမ္မခိုင်းစေသည့် ကျေးရွာအာဏာပိုင်များကို ပထမ ဦးဆုံး တရားစွဲဆို အနိုင်ရခဲ့သည်။

ထို့နောက် ထန်းမနိုင်ကျေးရွာ ဥက္ကဋ္ဌက မစုစုနွေးသည် ကျေးရွာအာဏာပိုင်များကို ဆဲဆို ခြိမ်းခြောက်သည်ဟု တရားပြန်စွဲရာ မစုစုနွေးက မဟုတ်မှန်ဟု ငြင်းဆိုသော်လည်း ယမန်နှစ် အောက်တိုဘာတွင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တရားရုံးက ထောင်ဒဏ် (၁) နှစ်ခွဲ ချမှတ်ခဲ့ပြီး အယူခံလွှာအဆင့်ဆင့်မှာလည်း ပယ်ချခံခဲ့ရသည်။

နှလုံးရောဂါရှိနေစေကာမူ အမှန်တရားအတွက် ရဲရင့်စွာရင်ဆိုင်သည့် မစုစုနွေးသည် သူမ၏ ရပ်တည်ချက်ကြောင့် ပြည်တွင်းပြည်ပမှ ထောက်ခံမမျြားရရှိခဲ့သည်။

ယခုလ (၃) ရက်နေ့၌ ပြုလုပ်သည့် အိုင်အယ်လ်အို၏ မြန်မာ့အရေးနှင့်ပတ်သက်သည့် အထူး ကြားနာပွဲတခု ပြုလုပ်ခဲ့ပြီးနောက် ယခု မစုစုနွေး လွတ်မြောက်လာခြင်းဖြစ်သည်။
ထိုဆွေးနွေးပွဲ၌ မြန်မာနိုင်ငံတွင် လုပ်အားပေးစေခိုင်းမှုများ ပပျောက်ရန် အကြံပြုချက်များကို အစိုးရက မည်မျှလိုက်နာဆောင်ရွက်မှု ရှိသည်ကို ပြန်လည်သုံးသပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်နေသည့် အဓမ္မလုပ်အားပေးခိုင်းစေမှုများ ဆက်ရှိနေသေးသည်ဟု ဆုံးဖြတ်ခဲ့သည်။

နအဖစစ်အစိုးရကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးညွန့်မောင်ရှိန်က မြန်မာနိုင်ငံတွင် အဓမ္မ လုပ်အားပေးခိုင်းစေမှုနှင့် ပတ်သက်သည့် တိုင်ကြားသူများအား အရေးယူအပြစ်ပေးမှုများကို (၆) လ ဆိုင်းငံ့ပေးရန် အာဏာပိုင်များက အသင့်ရှိကြောင်း ထိုဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်ဟု သိရသည်။
စစ်အစိုးရက တိုင်တန်းသူများကို အရေးယူအပြစ်ပေးမည့် ကိစ္စများကို ရပ်ဆိုင်းထားရုံသာ မကဘဲ ယင်းကိစ္စကြောင့် ထောင်ချထားသူများကိုလည်း လွှတ်ပေးရန်လိုအပ်မည်ဟု အိုင်အယ်လ်အိုက ပြန်လည်တင်ပြခဲ့ကြောင်းသိရသည်။


Read More...

Friday, March 24, 2006

last appeal

မစုစုနွေးလွတ်မြောက်ရေးနောက်ဆုံးအယူခံလွှာတင်သွင်း
ပီတာအောင်
၂၄ မတ် ၂ဝဝ၆ / ၁၉းဝဝ


ထောင်ဒဏ်ကျခံနေရသည့် ထန်းမနိုင်ရွာသူ မစုစုနွေးအမှု၏ နောက်ဆုံး အထူးအယူခံကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုတရားရုံးတွင် ယနေ့တင်သွင်းလိုက်သည်။
အန်အယ်လ်ဒီ ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ဗဟိုတရားရုံးရဲ့ အထူးအယူခံကို ဒီကနေ့ တင်ပါတယ်။ ဒါ နောက်ဆုံးအယူခံပါ။ ဒါနောက်ဆုံးအဆင့်ပါပဲ” ဟုပြောသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ရွာမှ အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် မစုစုနွေးသည် ကားလမ်းဖောက်ရန် အဓမ္မစေခိုင်းသည့် ကျေးရွာအာဏာပိုင်များကို ၂ဝဝ၄ ခုတွင် တရားစွဲဆို အနိုင်ရခဲ့ပြီး ထိုအာဏာပိုင်များမှာ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသည်။

အာဏာပိုင်များကို ဆဲဆိုခြိမ်းခြောက်သည်ဆိုကာ မစုစုနွေးကို ယမန်နှစ် အောက်တိုဘာတွင် ထောင်ဒဏ် (၁) နှစ်ခွဲ အပြစ်ပေးခဲ့သည်။

ယင်းအမှုသည် တရားမျှတမှုမရှိဟုဆိုကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခရိုင်၊ တိုင်းနှင့် ဗဟိုတရားရုံးအဆင့်ဆင့်တွင် အယူခံ လျှောက်ထားခဲ့ရာ ပယ်ချခံခဲ့ရပြီး ဗဟိုတရားရုံးက ဖေဖော်ဝါရီလဆန်းတွင် ထပ် မံပယ်ချခဲ့သည်။

လျှောက်ထားချက်ကို ဗဟိုတရားရုံးက လက်ခံမည်၊ လက်မခံမည်ကို ကြိုတင်မှတ်ချက် မပေးလိုကြောင်း၊ ယင်းအမှုသည် တမင်တကာ ဖန်တီးထားသည့်အမှုဖြစ်ပြီး အာဏာပိုင်များဘက်မှ သက်သေထွက်ချက်များ မခိုင်လုံသည့်အချက်ပေါ် မူတည်၍ ဥပဒေကြောင်းအရ ဆက်လက် အယူခံ တင်ပြနေခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ယခုတင်ထားသည့် အထူးအယူခံလွှာအား ဗဟိုတရားရုံးက လက်ခံခြင်းရှိမရှိ ရုံးချိန်းကို တလအတွင်း သိရမည်ဖြစ်သည်။
ဦးဉာဏ်ဝင်းက “ရုံးချိန်းပေါ်တဲ့အခါမှာ လက်ခံထိုက်တယ်ဆိုတဲ့အကြောင်းကို ကျနော်တို့က သွားပြီးလျှောက်လဲချက်ပေးမယ်။ အဲဒီမှာ အဆုံးအဖြတ်ပေးမယ်။ လက်မခံထိုက်ဘူးလို့ ဆုံးဖြတ်ရင် ပြီးသွားပြီပေါ့။ လက်ခံမယ်ဆိုရင်တော့ တဖက်က အစိုးရ၊ တဖက်က မစုစုနွေးတို့ လျှောက်လဲချက် ပေးရမှာပါ” ဟုပြောသည်။

အင်းစိန်ထောင်တွင် အကျဉ်းကျနေသော နှလုံးရောဂါဝေဒနာသည် မစုစုနွေးသည် လက်ရှိအချိန်၌ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အကျဉ်းကျစက ထောင်တွင်းပို့ခွင့်ပိတ်ပင်ထားသည့်ဆေးဝါးများကို ပြန်လည်ခွင့်ပြုထားကြောင်း သိရသည်။
မစုစုနွေးအတွက် အန်အယ်လ်ဒီမှ ရှေ့နေဦးမြင့်သောင်းနှင့် ဦးကြည်ဝင်းတို့က ဆောင်ရွက်လျက်ရှိသည်။

Read More...

Friday, November 4, 2005

junta rejects su su nway's appeal

မစုစုနွေး၏ အယူခံလွှာ စစ်အစိုးရပယ်ချ
ပီတာအောင်
၎ နိုဝင်ဘာ ၂ဝဝ၅ / ၁၇း၅ဝ

မတရားထောင်ချခံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် မစုစုနွေး၏ အယူခံလွှာကို ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးက ယနေ့ပယ်ချသည်။

အဓမ္မစေခိုင်းသော ကျေးရွာအာဏာပိုင်များအားတရားစွဲဆို အနိုင်ရခဲ့သော ထန်းမနိုင်ရွာသူ မစုစုနွေးကိုဆဲဆို၊ ခြိမ်းခြောက်မှုဖြင့် အောက်တိုဘာ (၁၃) ရက်က ထောင်ဒဏ်တနှစ်ခွဲ ချမှတ်ခဲ့သည်။
တရားမျှတမှု မရှိဟုဆိုကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယမန်နေ့တွင် အယူခံလွှာ တင်သွင်းခဲ့ရာ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်တရားသူကြီး ဒေါ်နန်းစန္ဒာစန်းက ယခုပယ်ချခြင်းဖြစ်သည်။

အန်အယ်လ်ဒီ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ဒီညနေ (၃) နာရီမှာလက်မခံဘူး၊ ပလပ်လိုက်တယ်။ ဆက်ပြီးတော့ တိုင်းရုံးတွေ ဘာတွေတင်ရမယ်။ ဥပဒေလမ်းကြောင်းရှိတာတော့ အန်ကယ်တို့ ဆက်လုပ်မှာပဲ။ မူလရုံးက အပြစ်ပေးထားတာ ဥပဒေအရ မှန်ကန်မှုမရှိဘူးလို့ အန်ကယ်တို့ ယုံကြည်လို့ အယူခံလွှာ ထပ်တင်တာပါ” ဟုပြောသည်။

ယင်းသို့ ပလပ်လိုက်ခြင်းနှင့်ပတ်သက်၍ တရားရုံးက အကြောင်းပြချက်တစုံတရာ မပေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
မစုစုနွေးအတွက် အန်အယ်လ်ဒီရှေ့နေ ဦးမြင့်သောင်းနှင့် ဦးကြည်ဝင်းတို့က ဆောင်ရွက်လျက်ရှိသည်။

သူမလွတ်မြောက်ရေး ကြိုးပမ်းချက်တရပ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ကုလသမဂ္ဂလက်အောက်ခံ ‘မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့’ သို့ အောက်တိုဘာ (၁၇) ရက်တွင် အမှုတွဲ တင်သွင်းခဲ့သည်။

အမှန်တရားအတွက် သတ္တိရှိရှိရင်ဆိုင်သော မစုစုနွေးကို ဂုဏ်ပြုသည့်အလှူငွေများကို ပြည်တွင်းပြည်ပက ပေးအပ်လျက်ရှိပြီး သြစတေးလျနိုင်ငံ မဲလ်ဘုန်းတွင် အလှူငွေ ကျပ် (၁) သန်းနီးပါး ကောက်ခံရရှိနေပြီဖြစ်သည်။

Read More...

Thursday, October 13, 2005

18 months imprisonment

မစုစုနွေး ထောင်တနှစ်ခွဲကျ
ပီတာအောင် NEJ
၁၃ အောက်တိုဘာ ၂ဝဝ၅ / ၁၈း၄၅


ထန်းမနိုင်ရွာသူ မစုစုနွေးအား ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တရားရုံးက ထောင်ဒဏ်တနှစ်ခွဲ ယနေ့ ချမှတ်လိုက်သည်။


မစုစုနွေးသည် အဓမ္မခိုင်းစေသော ကျေးရွာအာဏာပိုင်များအား ယမန်နှစ်က တရားစွဲဆို အမှုနိုင်ခဲ့ပြီးနောက်ဆဲသည် ခြိမ်းခြောက်ကြိမ်းဝါးသည်ဆိုသော စွပ်စွဲချက်နှစ်ခုဖြင့် အာဏာပိုင်များက ပြန်လည် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မစုစုနွေးအပေါ် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရားမျှတမှုမရှိဘဲ အာဃာတဖြင့် တရားစီရင်ခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင် ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။

၎င်းက “မိန်းကလေးတယောက်က ရယကအာဏာပိုင်အဖွဲ့ဝင်တယောက်ကို ဆဲတယ် ဆိုတဲ့အဆင့် ပြောရင်တော့လည်း ထားလိုက်ပေါ့လေ။ ဒီ ခြိမ်းခြောက်တယ်ဆိုတာ မိန်းကလေးတယောက်က ယောက်ျားတယောက်ကို သွားခြိမ်းခြောက်ရအောင် သူ့မှာ ဘာရှိလို့လဲ။ လက်နက်လည်း ကိုင်သွားတာ မဟုတ်ဘူး၊ သူဥနမှာ ဘာအခွင့်အာဏာ ရှိလို့ ဘာလုပ်ပိုင်ခွင့်ရှိလို့ သွားခြိမ်းခြောက်ရမှာလဲ။ ခြိမ်းခြောက်တယ်ဆိုတာ အာဏာရှိတဲ့လူကမှ ခြိမ်းခြောက်တာဆိုတော့ ဒီဟာက တရားမျှတမှု မရှိဘူးလို့ ထင်တယ်။ အာဃာတနဲ့ တရားစီရင်တဲ့သဘော သက်ရောက်တယ်” ဟုပြောသည်။

“အဲလောက်ကြီး ဖြစ်ရလောက်အောင် အပြစ်ပေးရလောက်အောင် အထောက်အထားတွေက မခိုင်လုံပါဘူး။ အရင်တခေါက်က သူက နိုင်ဖူးတော့ ဒီတခေါက်ကျတော့ ပြန်ဆော်ထည့်တာ”ဟု ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှေ့နေအဖွဲ့မှ တရားရုံးလုပ်ထုံးလုပ်နည်းများဖြင့် အမှုကို အပေါ်ရုံးများအထိ အယူခံပြန်ဝင်မည်ဟု ဦးအောင်သိန်းက ဆိုသည်။ မစုစုနွေး၏ အမှုကိစ္စအတွက် အန်အယ်လ်ဒီရှေ့နေ ဦးမြင့်သောင်းက လိုက်ပါ ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ သူမအား ဆဲမှု၊ ခြိမ်းခြောက်မှုဖြင့် တရားစွဲခဲ့သည်အပေါ် မစုစုနွေးက ၎င်းအနေဖြင့်မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုခဲ့ပြီး အမှန်တရားအတွက် ထောင်ကျခံ၍ ရပ်တည်သွားမည်ဖြစ်ကြောင်း ယခုနှစ် ဇွန်လတွင် ဒီဗွီဘီသတင်းဌာနသို့ ပြောကြားခဲ့သည်။


Read More...