Monday, October 27, 2008

su su nway was honored by Agrate city council


၂ဝဝ၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ မစုစုနွေး (ဒု-ယာ) ကို လောင်စာဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုမှုတွင် တွေ့မြင်ရစဉ် မှတ်တမ်းပုံဖြစ်ပါသည်။ (Photo: RFA)


လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး အီတလီ ဂုဏ်ထူးဆောင်မြို့သားဆုရရှိ
RFA 2008-10-26

အင်းစိန်ထောင်မှာ ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးကို အီတလီနိုင်ငံ၊ Agrate မြို့က ဂုဏ်ထူးဆောင်မြို့သားဆု ချီးမြှင့်လိုက်ပါတယ်။
မြို့တော်ဝန်ကိုယ်တိုင် ဆုပေးအပ်တဲ့ ဒီဆုချီးမြှင့်ပွဲကို စနေနေ့ မနက်ပိုင်းက Agrate မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး အီတလီနိုင်ငံရှိ ယူရို၊ ဘားမားရုံး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မင်းက ဆုလက်ခံရယူခဲ့ပါတယ်။

ခုလို မစုစုနွေးကို ဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး ဦးဇော်မင်းက RFA ကို အခုလို ပြောပြပါတယ်။

ဦးဇော်မင်း။ ။ "ဒီနေ့မနက် ၁ဝနာရီမှာ မြို့တော်ဝန်ကနေပြီး စုစုနွေးအတွက် ဂုဏ်ထူးဆောင်နိုင်ငံသားဆု ပေးတာပါ၊ မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နဲ့ ကောင်စီအဖွဲ့ဝင် ၅ဝ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့လုပ်ကိုင်ခဲ့တဲ့ဟာတွေ အသိမှတ်ပြုတဲ့သဘောပေါ့။"

အလားတူပဲ အီတလီနိုင်ငံ Bologna မြို့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်မြို့သားဆုကို ချီးမြှင့်ခဲ့တာ RFA က ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့ သံဃာ့အရေးအခင်း ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ တို့ကိုလည်း အီတလီနိုင်ငံ၊ ရောမမြို့နဲ့ ဘရူဂဲရီးယိုးမြို့တို့က ဂုဏ်ထူးဆောင် မြို့သားဆုတွေကို လာမယ့်အင်္ဂါနေ့မှာ အသီးသီး ချီးမြှင့်ဖို့ရှိပါတယ်။ ဒီဆုပေးပွဲတွေကိုလည်း အဲဒီမြို့တွေရဲ့ မြို့တော်ဝန်တွေ ကိုယ်တိုင် တက်ရောက် ဆုချီးမြှင့်မယ်လို့ သိရပါတယ်။



No comments: