Friday, September 19, 2008

su su nway on the strike

မစုစုနွေး မိသားစုနှင့် တွေ့ဆုံခွင့်ရရန် ထောင်တွင်း ဆန္ဒပြ
ဖနိဒါ (Mizzima)
သောကြာနေ့၊ စက်တင်ဘာလ 19 2008 21:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုသည့် အနေဖြင့် ထောင်တွင်း အစားအစာ လက်မခံ ငြင်းပယ် ဆန္ဒပြနေခဲ့သည်မှာ စုစုပေါင်း ၉ ရက်ကြာခဲ့ပြီ ဖြစ်သည်။

တလကျော်ကြာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရခဲ့သည့် မစုစုနွေးသည် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ ထောင်အတွင်း ကျွေးမွေးသည့် အစားအစာများကို လက်မခံ ငြင်းပယ် ဆန္ဒပြနေကြောင်း မစုစုနွေး အမဖြစ်သူ မဌေးဌေးကြည် မှ မဇ္ဈိမကို ယခုလိုပြောသည်။

"ရှေ့နေနဲ့ စကားပါးလိုက်တယ်။ အမနဲ့ မတွေ့ရမချင်း လက်မခံဘူးလို့ ပြောတယ်။ ကျမနဲ့ မိသားစုကို ပေးမတွေ့တဲ့အပြင် ကျမမှာလဲ ဘာအပြစ်မှ မရှိဘူး။ အဲဒါတွေကို မရလို့ဆိုပြီး သူ (စုစုနွေး) က ရေနွေးတောင် လက်မခံဘူး ပြောတယ်။ ကျမနဲ့ မတွေ့တာက ကြာပြီ။ ဒီနေ့အထိဘဲ။ ဆေးနဲ့ ပစ္စည်းကို ထောင်ဘူးဝမှာ ပေးထားခဲ့ရတယ်" ဟု မစုစုနွေး၏ အမဖြစ်သူ မဌေးဌေးကြည်က ပြောသည်။

အင်းစိန်ထောင် အာဏာပိုင်များထံ မစုစုနွေး နှင့်တွေ့ဆုံခွင့်ပေးရန် အစ်မဖြစ်သူ မဌေးဌေးကြည်မှ တောင်းဆိုစာ တင်သွင်းခဲ့သော်လည်း အာဏာပိုင်များမှ တစုံတရာ တုန့်ပြန်ခဲ့ခြင်း မရရှိခဲ့ပေ။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကွင်တန်နာ မှ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခဲ့ရာ မစုစုနွေးလည်း ပါဝင်ခဲ့သည်။

လွန်ခဲ့သည့် ဇူလိုင်လအတွင်းက မစုစုနွေးသည် ထောင်ဝန်ထမ်းများနှင့် ထောင်တွင်း တင်းကြပ်မှုကို ဆန့်ကျင် ပြောဆိုခဲ့သည့်အတွက် ထောင်ဝန်ထမ်းများနှင့် စကား အချေအတင် ဖြစ်ခဲ့ရာ ၂ ပတ်ကြာ တိုက်ပိတ်ခံခဲ့ရသည်။

၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြရိပ်ညို ဟိုတယ်ရှေ့တွင် စစ်အစိုးရ ဆန့်ကျင်ရေး စာတမ်း ချိတ်ဆွဲခဲ့သည့် မစုစုနွေးအား အာဏာပိုင်များက ဖမ်းဆီး ထိမ်းသိမ်းခဲ့ကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် လှုံ့ဆော်မှု၊ လူစုလူဝေးတွင် ပါဝင်မှု နှင့် အစိုးရကို အကြည်ညို ပျက်စေမှု စသည့် ပုဒ်မများတပ်ကာ တရားစွဲဆိုထားသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် မစုစုနွေးအား တရားရုံးထုတ် အမှုစစ်ဆေးရန် သတ်မှတ်ရက် ဖြစ်သော်လည်း ရုံးထုတ်ခြင်းမရှိဘဲ ရမန်ရက်သာ ပေးခဲ့သည်။

လူ့အခွင့်အရေး တောင်းဆို တိုက်ပွဲဝင်ခဲ့သည့် ကော့မူးမြို့နယ် ထန်းမနိုင်ရွာသူ မစုစုနွေးအား ကနေဒါ အခြေစိုက် “လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ” အဖွဲ့မှ ချီးမြှင့်ခဲ့သည့် ၂ဝဝ၆ ခုနှစ် ဂျွန်ဟမ်ဖရေး လွတ်လပ်ခွင့် ဆုကို ရရှိခဲ့သည့်အပြင်၊ ၂ဝဝ၇ ခုနှစ်တွင် ချက်သမတ နိုင်ငံအခြေစိုက် the People-in-Need အဖွဲ့မှ ချီးမြှင့်ခဲ့သည့် 'Homo Homini Award' ဆုကို ရရှိခဲ့သည်။


Read More...

Thursday, August 14, 2008

no famiy visit

အထိန်းသိမ်းခံနေရသည့် မစုစုနွေး မိသားစုနှင့် တွေ့ခွင့်မရ

VOA 14 August 2008

မြန်မာနိုင်ငံတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးဟာ သူ့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဗွီအိုရဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။


လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးကို မိသားစုနဲ့ ထောင်ဝင်စာ ပိတ်ပင်ထားခြင်းနဲ့ သြဂုတ်လ ၁၃ ရက်နေ့ ရုံးထုတ်ချိန်မှာလည်း မိသားစု နဲ့ တွေ့ခွင့်မပေးတဲ့အကြောင်း အစ်မဖြစ်သူ မဌေးဌေးကြည် က အခုလို ပြောပြပါတယ်။

“ထောင်ဝင်စာတွေ့တာ တပတ်တခါ တွေ့တာလေ။ အခု နှစ်ပတ် ရှိသွားပြီ သူနဲ့ မတွေ့ရတာ။ ကျမကို တွေ့ခွင့်ကို မပေးတာ။ အဲဒါ ဘာကြောင့် တွေ့ခွင့်မပေးတာလဲ ဆိုတော့ မဌေးဌေးကြည် လာတွေ့လို့ တွေ့ခွင့်မပေးတာ တဲ့။ အဲဒါကြောင့် ကျမက ဘာကြောင့်လဲ လို့၊ ကျမက အိမ်ထောင်စု ဇယားနဲ့ အပြည့်အစုံ မိသားစုဝင်တယောက် အနေနဲ့ လာတွေ့နေတာ။ တွေ့နေတာလည်း ကြာနေပြီ။ အခုမှ ဘာကြောင့် မတွေ့ရတာလဲ လို့ ကျမ က မေးတော့ ကျနော်တို့ မသိရပါဘူးတဲ့။ မသိရဘူး ဆိုတော့ ဘယ်သူက အမိန့်ထုတ်ထားတာလဲ။ အမိန့်ထုတ်ထားတဲ့စာကို ကျမကိုပေး လို့ ပြောတော့ သူတို့က မပြောဘူး။ မပြောတော့ ကျမ က ထောင်ပိုကြီး ဦးမျိုးခင် ကိုယ်တိုင်က ထုတ်ထားတာလား ဆိုတော့ ဟုတ်တယ်လို့ ပြောတာပဲ။”

သူမရဲ့ ရှေ့နေဖြစ်သူ ဦးမြင့်သောင်း ကတော့ မစုစုနွေးကို ရုံးထုတ်ချိန်မှာ တွေ့ခွင့်ရခဲ့ပြီး မစုစုနွေးရဲ့ ပြောကြားချက် တွေကိုလည်း အခုလို ပြောပြပါတယ်။

“ကျနော်တို့ ၁ ရက်နေ့ နောက်ပိုင်းက စပြီးတော့ သူ့ကို ကျန်းမာရေး ဆေးကုသခွင့် မပေးဘူးလို့ ပြောတယ်။ အဲတော့ သူက နှလုံးရောဂါသည် လည်း ဖြစ်တဲ့အတွက်ကြောင့် မိုလို့ သူ့ကို အခုလို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်တာကလည်း သူ့ကို ကျန်းမာရေး ဆိုးရွားအောင် လုပ်တဲ့အတွက်ကြောင့် ဒါဟာလည်း သူ့အနေနဲ့ မခံမရပ်နိုင် ဖြစ်တယ်။ နောက် ဒီကိစ္စအတွက် ပြည်ထဲရေးကနေပြီးတော့ ပိတ်တယ်၊ အဲဒီဟာအတွက်လည်း စာတင်ပေးပါ ဆိုပြီးတော့ ကျနော်တို့ကို မှာလိုက်တယ်ခင်ဗျ။ သူ့အနေနဲ့ကတော့ သူကိုယ်တိုင်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်။ သူ့မိသားစုလည်း လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်။ နောက် သူ့ ကျန်းမာရေးကလည်း အချိန်မရွေး သူ အသက် အန္တရာယ် ရှိတယ်။ အဲဒီတော့ သူ့အနေနဲ့ကတော့ ဒီ လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စကို တောင်မှ သူ ကင်တားနားနဲ့ တွေ့တာတောင်မှ ကိုယ့်ရဲ့ မြန်မာပြည်အကြောင်းကို ပြောရတာ အင်မတန်မှ ရှက်တယ် ဆိုတဲ့အကြောင်း ကျနော်တို့ကိုတော့ လူသိရှင်ကြား ပြောတယ်ခင်ဗျ။”

မစုစုနွေးဟာ ပုဒ်မ (၁၄၃)၊ ပုဒ်မ (၁၄၇/ က) နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်မှု၊ ပုဒ်မ (၁၂၄/က) နိုင်ငံတော်အား အကြည်ညိုပျက်အောင်လုပ်မှု၊ ပုဒ်မ (၁၃၀/ခ) နိုင်ငံခြား တိုင်းပြည်အား ထိခိုက်မှု၊ ပုဒ်မ (၅၀၅/ခ) ပြည်သူကို ထိတ်လန့်အောင် ခြိမ်းခြောက်မှုတွေ နဲ့ ဆွဲချက်တင် ခံထားရပြီး ရုံးထုတ်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

မစုစုနွေးဟာ မြန်မာနိုင်ငံတွင်းက ထင်ရှားတဲ့ နိုင်ငံရေး လှုပ်ရှားသူ တဦးဖြစ်တာကြောင့် မိုလို့ ပြီးခဲ့တဲ့အပတ်အတွင်းက
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို လာရောက်စဉ် မှာလည်း နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာ မစုစုနွေးကိုလည်း တွေ့ဆုံခဲ့ပါတယ်။


Read More...

Wednesday, March 5, 2008

Homo Momini award

မြန်မာအမျိုးသမီးများကို ချက်နိုင်ငံမှ ဆုချီးမြှင့်
ကျော်ထင် / ၅ မတ် ၂၀၀၈

ဒီမီုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုတွင် လူသိများသော မြန်မာအမျိုးသမီးများ ဖြစ်ကြသည့် မစုစုနွေး၊ မနီလာသိန်းနှင့် မဖြူဖြူသင်းတို့ကို ချက်သမ္မတနိုင်ငံ people in need အဖွဲ့မှ ၂၀၀၇ ခုနှစ်အတွက် Homo Momini ဆုကို ချီးမြှင့်လိုက်သည်။

ချက်နိုင်ငံ Pregue မြို့တွင် ယနေ့ပြုလုပ်မည့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ပေးအပ်မည့် ဆုရရှိ သူများကိုယ်စား ဆုကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီမှ ကိုယ်စားလှယ်တဦးက လက်ခံရယူမည်ဟု သိရသည်။

မစုစုနွေးသည် စက်တင်ဘာ လှုပ်ရှားမှုကြောင့် အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံနေ ရဆဲဖြစ်ပြီး မဖြူဖြူသင်းနှင့် မနီလာသိန်းတို့မှာ ယနေ့ထက်ထိ ပြည်တွင်းတွင် တိမ်းရှောင်နေရ ဆဲဖြစ်သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (ဘီဒဗလျူယူ) ဥက္ကဋ္ဌ မဆူးပွင့်က ယခုကဲသို့ ဆုချီးမြှင့်ခံရခြင်းကြောင့် စစ်အစိုးရ လက်အောက်တွင် ရှိနေသော မြန်မာပြည်သူများဘ၀ကို နိုင်ငံတကာမှ ပိုမို အာရုံ စိုက်လာမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများကို ရွေးထုတ် ဂုဏ်ပြုပေးခြင်းဖြင့် မတရားမှုကို ဆန့်ကျင် တော်လှန်လိုစိတ်များ တိုးပွားလာစေမည်ဟု ပြောသည်။

၎င်းက “မတရားမှုဆိုတာ ဆန့်ကျင်လို့ရပါလား၊ တော်လှန်လို့ရပါလား၊ ငါတို့တွေချည်းပဲ ခံနေရတာမဟုတ်ဘဲနဲ့ နိုင်ငံတကာက ငါတို့ကို အားပေးနေပါလား ဆိုတဲ့စိတ်နဲ့ အင်မတန် အင်အားဖြစ်စေလိမ့်မယ်လို့ ကျမမြင်ပါတယ်” ဟု ပြောသည်။

အေအေပီပီ-ဘီအတွင်းရေးမှူး ဦးတိတ်နိုင်က ဤသို့ ဆုချီးမြှင့်ခံရခြင်းကြောင့် ပြည်တွင်းမှ အမျိုးသမီးများအနေဖြင့် ၎င်းတို့ (၃) ဦးကို စံနမူနာယူပြီး နိုင်ငံရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်လာလိမ့်မည်ဟု ပြောသည်။

“လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးမှာ ကိုယ်ကျိုးမဖက်ဘဲနဲ့ ကိုယ်ကျိုးစွန့်ပြီးတော့ တက် တက်ကြွကြွဆောင်ရွက်နေတယ်။ သူတို့လိုပဲ ဆောင်ရွက်နေတဲ့သူတွေကို နိုင်ငံတကာက နေပြီးတော့ အသိမှတ်ပြုတယ်၊ လေးစားတယ်၊ တန်ဖိုးထားတာကြောင့် ဒီဆုကိုပေးတာ
ဖြစ်တယ်” ဟု ပြောသည်။

ငွေသားဆု မဟုတ်သည့် အဆိုပါဆုကို ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအား ချီးမြှင့်လေ့ရှိပြီး ၂၀၀၀ ပြည့်နှစ်၌ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်အား ချီးမြှင့်ခဲ့သည်။ ။

Read More...

Tuesday, November 13, 2007

su su nway and bo bo win hlaing were arrested

စစ်အစိုးရ ဆန်‹ကျင်ရေး ပိုစတာကပ်သူ မစုစုနွေးနှင့် ဘိုဘိုဝင်းလှိုင်ကို ဖမ်းမိ
ဒီဗွီဘီ ၊ ၁၃ ၊ နိုဝင်ဘာ ၊ ၂ဝဝ၇

ဒီနေ့ မနက် (၆) နာရီလောက်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ မြရိပ်ညို ရွိုင်ရယ် ဟိုတယ်မှာ စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာကပ်တဲ့ မစုစုနွေး အပါအဝင် သုံးဦးအနက် ဘိုဘိုဝင်းလှိုင်ကို အာဏာပိုင်တွေက ဖမ်းမိသွားတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘိုဘိုဝင်းလှိုင်ရဲ့ မိခင် ဒေါ်နီနီလှိုင်က အခုလို ပြောပြထားပါတယ်။

“သူနဲ့ ပါသွားတဲ့ ကလေး တယောက်ကနေပြီးတော့ ပြန်လာ ပြောတယ်လေ။ မနက်ကတုန်းက ပါသွားပြီး မြရိပ်ညို ဟိုတယ် ရှေ့မှာလို့ ပြောတယ်။ အလုပ်တခု သူတို့ အဲဒီမှာ သွားလုပ်ကြတာ။ စာသွားရေး တော့ အဖမ်းခံထိတာတော့ သူတယောက်ထဲလို့ ကြားတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ လွတ်သွားတယ်။ စုစုနွေးနဲ့ ကိုကိုအောင် လွတ်သွားတယ်။ အဲဒါ သူတို့ နှစ်ယောက်ကနေ သတင်းပြန်ပို့လို့ ကျမ ကြားရတာ။ သူ အဲဒါ ဘာရေးတယ်ဆိုတာတော့ ကျမ မသိဘူးလေ။ သားသမီး တယောက်အတွက်တော့ ကျမ ပူပင်သောက ရောက်မိပါတယ်။ ဒါပေမဲ့ ကျမ ဂုဏ်ယူတယ်လေ။ လူအများစုအတွက်ကို လုပ်နေတဲ့အတွက် ကျမတို့ ဂုဏ်ယူပါတယ် သားတို့ အတွက်ကို စိုးရိမ်တာက သူက ကျန်းမာရေးက မကောင်းဘူးလေ။ အရင်တခါလဲ ပြန်ထွက်လာတော့ သူ တော်တော်လေး ကုယူရတယ်။ အခုတခါလဲ ထိတယ်ဆိုတော့ သူ့အတွက် ကျန်းမာရေးအတွက်ပဲ ပူပင်တယ်။ ကျန်တာတော့ ကျမသူ့ကို မိခင် တယောက် အနေနဲ့တော့ သောက ရောက်တယ်။ သူ့အတွက်ကို ကျန်တာတော့ ကျမ မပြောလိုတော့ပါဘူး။”

ဒါကတော့ အခု မနက်ပိုင်းက အဖမ်းဆီးခံလိုက်ရတဲ့ ဘိုဘိုဝင်းလှိုင်ရဲ့ မိခင် ဒေါ်နီနီလှိုင် က ပြောပြသွားတာ ဖြစ်ပါတယ်။ ဒီကနေ့ မနက် ဆောင်ရွက်ခဲ့သူ (၃) ဦးကတော့ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ ကိုဘိုဘို ဝင်းလှိုင်နဲ့ တက္ကသိုလ်ကျောင်းသား ကိုကိုဝင်းလှိုင်တို့ ဖြစ်ပါတယ်။ ဘိုဘိုဝင်းလှိုင်က ချော်လဲပြီး ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

အခု အဖမ်းခံရတဲ့ ဘိုဘိုဝင်းလှိုင်ဟာ ရန်ကုန်တိုင်း ဒေါပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ သူဟာ လှည်းတန်းက လောင်စာဆီ ဈေးနှုန်းကျဆင်းရေး လမ်းလျှောက် ဆန္ဒပြပွဲ တုန်းကလဲ တကြိမ် အဖမ်းခံခဲ့ရပြီး၊ တလလောက် ထိန်းသိမ်းရေး စခန်းတခုမှာ နေထိုင်ခဲ့ရပါတယ်။ ကိုကိုအောင်ကတော့ လမ်းလျှောက် ဆန္ဒပြပွဲနဲ့ ဆက်စပ် ဖမ်းဆီးခံထားရတဲ့ ဒေါပုံမြို့နယ် အဖွဲ့ချုပ် စည်းရုံးရေး ကော်မတီဝင် ဦးကြင်လှိုင်ရဲ့သား ဖြစ်ပါတယ်။ သူ ရှောင်တိမ်း လွတ်မြောက်ခဲ့ပေမဲ့ ကိုကိုအောင် နေထိုင်ရာအိမ်ကို ထောက်လှမ်ရေး ရဲတွေက အခု မနက်ပိုင်းကနေ တောက်လျှောက် လာရောက် ရှာဖွေ နေကြတယ်လို့လဲ ကိုကိုအောင်ရဲ့ မိခင်၊ ကိုကိုအောင်ရဲ့ အဒေါ်ဖြစ်သူ မသန္တာဝင်းက အခုလို ပြောပြပါတယ်။

“ဘာအတွက်ရယ်လို့တော့ မမေးဘူးပေါ့နော်၊ လမ်းထဲကလူကို မေးတယ်။ ကိုကိုအောင်ကို သိလားပေါ့။ လမ်းထဲကလူကို မေးတယ်။ ချိန်းထားတဲ့ လူတယောက်က ခေါ်ခိုင်းလို့ လို့ အဲဒီလိုပြောတယ်။ အဲဒီ လူကလဲ ကိုကိုအောင်ဆိုတာ မသိဘူးပေါ့နော်၊ ကြားလဲ မကြားဖူးဘူး ဆိုပြီးတော့ အဲဒီလို ပြန်ပြောလိုက်တယ်။ ကိုကိုအောင်ကလဲ လိုပါတယ်။ ကိုကိုအောင်က ဘယ်လိုလဲဆိုတော့ သူ ကျူရှင်တက်နေတာတွေ၊ သူ သင်တန်းတက်နေတာတွေ၊ စာအုပ်စာတမ်းတွေ၊ စာရွက်တွေ၊ လွယ်အိတ် တွေက အကုန် ပါသွားတယ်။ ကားပေါ်မှာ ကျန်ခဲ့တယ်လို့ ပြောတယ်။ လူကတော့ လွတ်လာခဲ့တယ်။ ကိုကိုအောင် ရှောင်နေရတယ်။ ရဲတွေ ကတော့ သူတို့ ဘယ်လိုလဲဆိုတော့ ဘက်ဖက်ရည်ဆိုင်တွေမှာ ထိုင်တယ်၊ ရဆကသအးမ္မာ±ုံတွေမှာ စောင့်နေတယ်။ လမ်းထိပ်တွေမှာ စောင့်နေတယ်ပေါ့နော်။ ဒါပေမဲ့ ရာအိမ်မှူးအိမ်ကိုတော့ ဟန်းဖုန်းနဲ့ အဲဒီ (Informer) သတင်းလာ ပေးတယ်ပေါ့နော်။”

ဒါကတော့ ဒီကနေ့ မနက်ပိုင်းက စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာ ကပ်ဖို့ ကြိုးစားတာကြောင့် ရှောင်တိမ်းနေရတဲ့ ကိုကိုအောင်ရဲ့ အဒေါ် မသန္တာဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။ နောက်ဆုံးရရှိတဲ့ အတည် မပြုနိုင်သေးတဲ့ သတင်းတခုကတော့ မစုစုနွေးဟာ ကားနဲ့ ထွက်ပြေးစဉ် ကုက္ကိုင်းလမ်းဆုံမှာ ဖမ်းဆီးခံရတယ်လို့လဲ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ် မြန်မာ့အသံက အတည်ပြုချက် ရရှိဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

Read More...

su su nway was detained

မစုစုနွေးနှင့် ဦးဂမ္ဘီရ အဖမ်းခံရ
ကိုသက် irrawaddy နိုဝင်ဘာ ၁၃၊ ၂၀၀၇

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့လယ်တနေရာတွင် အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင် မစုစုနွေးနှင့် လူငယ် ၂ ဦး အဖမ်းခံရ ကြောင်း စုံစမ်းသိရှိရသည်။

မစုစုနွေးသည် ရန်ကုန်မြို့လယ်ရှိ အာဏာပိုင်တို့စိုက်ထူထားသည့် အမေရိကန် ဆန့်ကျင်ရေးဆိုင်းဘုတ်တွင် စစ်အစိုးရဆန့်ကျင်စာကပ်ရန်သွားစဉ် အဖမ်းခံရ ခြင်းဖြစ်သည်ဟု မစုစုနွေးနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

မစုစုနွေးသည် သြဂုတ်လအတွင်း ရန်ကုန်တွင်ပြုလုပ်သည့် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်း နေရသူ ဖြစ်သည်။

လွန်ခဲ့သည့်လကုန်ပိုင်းမှစ၍ မစုစုနွေးသည် ရန်ကုန်မြို့အတွင်းရှိ စစ်အစိုးရ၏ အကြမ်းဖက်မှုကြောင့် သွေးမြေကျခဲ့သည့် နေရာများတွင် လွမ်းသူ့ပန်းခြင်းချ ခြင်းနှင့် နိုင်ငံရေးအန်တုသည့် လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

လွန်ခဲ့သည့်အပတ်ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်သံဃာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရအား အာဏာပိုင်တို့က ဖမ်းဆီးလိုက်သည်။

အရှင်ဂမ္ဘီရသည် စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲများနှင့် ဆန္ဒပြလှုပ်ရှား မှုများကို ဦးဆောင်ခဲ့သောကြောင့် ၎င်းအား စစ်အစိုးရက အပူတပြင်းလိုက်လံရှာဖွေခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုးသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည်ပြီးပြီး ရန်ကုန်ရှိ ရွှေတိဂုံဘုရား၊ အင်းစိန်ထောင်နှင့် ဘုန်းကြီးကျောင်းများသို့ လိုက်လံစုံစမ်း နေစဉ်ကာလအတွင်း စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းမှုများကို ဆက်လက်ပြုလုပ်နေခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “မစ္စတာ ပီညဲရိုး လာသည်ဖြစ်စေ၊ မစ္စတာ ဂန်ဘာရီ လာသည်ဖြစ်စေ သူတို့ (အာဏာပိုင်) ကတော့ သဲကြီးမဲကြီး လိုချင်နေတဲ့သူတွေ၊ သူတို့ကို အန္တရယ်ပေးလာနိုင်တယ်လို့ ယူဆထားသူတွေကိုတွေ့ရင် ဖမ်းမှာကတော့ သေချာတယ်” ဟု ဧရာဝတီကို ပြောသည်။

မစုစုနွေးသည် အဓမ္မလုပ်အားပေးခိုင်းဆိုမှုနှင့် အဓမ္မငွေကြေးကောက်ခံမှုများကြောင့် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဌနှင့် ဆယ်အိမ်မှူးများကို တရားစွဲဆိုခဲ့ရာ အာဏာပိုင်တို့အား ခြိမ်းခြောက်ကြိမ်းဝါး သည်ဟူသည့် စွပ်စွဲချက်ဖြင့် ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံရသည်။ သူမအား ထောင်ဒဏ် တနှစ်ခွဲချမှတ်ခဲ့ရာ ၇ လ အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

ယခုနှစ် မေလအတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုကို ဦးဆောင် ခဲ့ရာ ဒုတိယအကြိမ် အဖမ်းခံခဲ့ရပြီး ဇွန်လတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အထိန်းသိမ်းခံဘ၀မှ လွတ်မြောက်လာ သည့် မစုစုနွေးသည် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများကို တက်ကြွစွာပါဝင် ခဲ့ရင်း တတိယအကြိမ် အဖမ်းခံရခြင်း ဖြစ်သည်။

မစုစုနွေးသည် မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ်ကာလ အတွင်း ခွဲစိတ်ကုသမှုတကြိမ်ပြုလုပ်ခဲ့ရသည်။

လွန်ခဲ့သည့်လကုန်ပိုင်းတွင် ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့စဉ် မစုစုနွေးက “ကျမခွဲစိတ်ပြီးတော့ ဆေးရုံမှာတညလောက်ဆက်နေရမှာကို ကျန်းမာရေး ၀န်ထမ်းတွေ ထိခိုက်မှာစိုးလို့ သတိရတာနဲ့ပြန်ဆင်းခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့လည်း ဆေးဆက်မသွင်းနိုင်လို့ ကျမတော်တော်လေး ဒုက္ခရောက်ရပါတယ်။ ကျမလိုပဲ ထွက်ပြေး တိမ်းရှောင်နေရသူတွေဟာလည်း တော်တော်လေး ဒုက္ခရောက်ကြပါတယ်” ဟု ပြောဆိုခဲ့သည်။

Read More...

Monday, November 5, 2007

su su nway in Ba Han police department detention centre

မစုစုနွေး အစာငတ်ခံဆန္ဒပြ
ကိုသက် irrawaddy, နိုဝင်ဘာ ၁၅၊ ၂၀၀၇

အဖမ်းခံထားရသော အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင်တဦးဖြစ်သည့် မစုစုနွေးသည် ရန်ကုန်မြို့ ဗဟန်းရဲစခန်း၌ ယမန်နေ့မှစ၍ အစာငတ်ခံဆန္ဒပြလျက်ရှိသည်ဟု သိရသည်။


နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အာဏာပိုင်တို့စိုက်ထူထားသည့် “အမေရိကန် အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” ဟုသည့်ဆိုင်းဘုတ်တွင် စစ်အစိုးရဆန့်ကျင်ရေး ပိုစတာချိတ်စွဲစဉ် အဖမ်းခံရခြင်း ဖြစ်သည်။

မစုစုနွေးသည် သြဂုတ်လအတွင်း ရန်ကုန်တွင်ပြုလုပ်သည့် ကုန်ဈေးနှုန်းနှင့် လောင်စာ ဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သူတဦး ဖြစ်ပြီး စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်း နေခဲ့ရသည်။

လွန်ခဲ့သည့်လကုန်ပိုင်းမှစ၍ မစုစုနွေးသည် ရန်ကုန်မြို့အတွင်းရှိ စစ်အစိုးရ၏ အကြမ်းဖက်မှုကြောင့် သွေးမြေကျခဲ့သည့် နေရာများတွင် လွမ်းသူ့ပန်းခြင်းချ ခြင်းနှင့် နိုင်ငံရေးအန်တုသည့် လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “hunger strike လုပ်တယ်ဆိုတာ သာမန် ကျန်းမာရေးကောင်းတဲ့သူတွေတောင်မှ တော်တော်ကိုဖြတ်ကျော် ရတဲ့ကိစ္စဖြစ်တယ်။ မစုစုနွေးလို နှလုံးရောဂါရှိတဲ့သူအတွက် အင်မတန်စိုးရိမ်စရာကောင်းတယ်။ အသက်အန္တရာယ်ကို စိန်ခေါ်လာနိုင်တယ်” ဟု ပြောသည်။

နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် အပါအ၀င် လူ့အခွင့်အရေးအဖွဲ့အစည်းအသီးသီးက မစုစုနွေး ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိသည်ဟုလည်း ဦးတိတ်နိုင်က ပြောသည်။

ယမန်နေ့ကထုတ်ပြန်သည့် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်၏ ကြေညာချက်တွင် မစုစုနွေးနှင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ အန်အယ်လ်ဒီ တွဲဖက်အတွင်းရေးမှူး ကိုမင်းအောင်တို့ကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

“မစ္စတာ ပီညဲရိုး အနေနဲ့ မစုစုနွေးရှိနေတဲ့ ဗဟန်းရဲစခန်းမှာ သွားရောက်တွေ့ဆုံခွင့်ရဖို့ နအဖကိုတရားဝင် တောင်းဆိုပြီး သွားရောက်ကြည့်ရှုသင့်တယ်လို့မြင်တယ်။ မစုစုနွေး လွတ်မြောက်ရေးကိုလည်း တောင်းဆိုသင့်တယ်လို့ မြင်ပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပေါ်လို ဆာဂျီယို ပီညဲရိုးသည် ယခုလ ၁၁ ရက်နေ့တွင် မြန်မာ နိုင်ငံသို့ ၅ ရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေသည်။

Read More...

Saturday, October 27, 2007

su su nway lays a wreath in Rgn

စုစုနွေးက တကိုယ်တော် ပန်းခြင်းချ
ဒီဗွီဘီ ၊ ၂၇ ၊ အောက်တိုဘာ ၊ ၂ဝဝ၇

နအဖစစ်အစိုးရရဲ့ အကြမ်းဖက်သတ်ဖြတ်မူကြောင့် သေဆုံးခဲ့ရတဲ့ ဂျပန် သတင်းထောက် မစ္စတာ နာဂါအိ အပါအဝင် ရဟန်းရှင်လူပြည်သူတွေအတွက် ရည်စူး ပြီး မစုစုနွေးက ဒီကနေ့ မနက်အစောပိုင်းက တလပြည့်အထိမ်းအမှတ် လွမ်းသူ့ပန်းခြင်း ချခဲ့ပါတယ်။

ဂျပန်သတင်းထောက်နဲ့ လူထုကို ပစ်သတ်ခဲ့တဲ့ အနော်ရထာလမ်းမပေါ်မှာ လွမ်းသူ ပန်းခြင်းချခဲ့တာပါ။ ကျောက်တံတားမြို့နယ် နယ်မြေခံရဲနဲ့ သတင်းတပ်ဖွဲ့တွေ ချထားတဲ့ကြားက လျှပ်တပြတ်ပြုလုပ်ခဲ့တာလို့ မစုစုနွေးက ပြောပါတယ်။ လုံခြုံရေး အခြေအနေအရ တကိုယ်တော်ပဲ သွားရောက်လုပ်နိုင်ခဲ့တယ်ဆိုပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့ နေရာတချို့မှာလဲ အလားတူ လွမ်းသူ့ပန်းခြင်းချတာတွေ လုပ်နိုင်ခဲ့ပါတယ်လို့လဲ မစုစုနွေးက ပြောပြသွားပါတယ်။

ဒီဗွီဘီက စုံစမ်းသိရသလောက် ဗကသများအဖွဲ့ချူပ်ဝင်တချို့ကလဲ ရန်ကုန်မြို့နေရာတချို့မှာ တလပြည့် လွမ်းသူ့ပန်း ခြင်းတွေ အထိမ်းအမှတ်စာရွက်တွေ ဖြန့် ဝေခဲ့တယ်လို့ သိရပါတယ်။

Read More...