မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်ကျော်ချ
NEJ ကိုဝိုင်း/ ၁၁ နိုဝင်ဘာ ၂၀၀၈
အင်းစိန်ထောင်၌ ထိန်းသိမ်းခံနေရသည့် မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်နှင့် (၆) လ ယနေ့ ချမှတ်လိုက်ကြောင်း အင်းစိန်တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
ထို့အပြင် မစုစုနွေးနှင့် အမှုတွဲဖြစ်သူ ဘိုဘိုဝင်းလှိုင်ကိုလည်း ထောင်ဒဏ် (၈) နှစ်ချလိုက်ကြောင်း ၎င်းကပြောသည်။
နှလုံးရောဂါအခံရှိသဖြင့် ဆေးမှီဝဲနေရသူ မစုစုနွေးသည် ယနေ့ရုံးထွက်ရာတွင် လန်းလန်းဆန်းဆန်းရှိနေကြောင်း သိရသည်။
မစုစုနွေးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ (၁၃) ရက်နေ့က စစ်အစိုးရဆန့်ကျင်ရေးပိုစတာကပ်မှုဖြင့် ဗဟန်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရဲစခန်း၌ အစာငတ်ခံဆန္ဒပြခဲ့သေးသည်။
မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ် ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။
သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဋ္ဌနှင့် ဆယ်အိမ်မှူးကို အဓမ္မလုပ်အားပေးခိုင်းစေမှု နှင့် အဓမ္မငွေကြေးကောက်ခံမှုဖြင့် တရားစွဲဆိုခဲ့ရာ အာဏာပိုင်များကို ခြိမ်းခြောက်သည်ဟု ပြန်လည်စွပ်စွဲခံရပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံခဲ့ရသည်။ ထို့နောက် မစုစုနွေးသည် ထောင်ဒဏ် တနှစ်ခွဲချမှတ်ခံခဲ့ရသော်လည်း (၇) လအကြာတွင် ပြန်လွတ်မြောက်လာခဲ့သည်။
Tuesday, November 11, 2008
12 years and 6 months imprisonment
Labels:
news
Sunday, November 2, 2008
Statement: Myanmar Youth Lawyers law Firm
ပြစ်မှုဥပဒေပုဒ်မ - ၄၉၉၊ စတုတ္ထချွင်းချက်အရ တရားရုံး၏ ပြုမူဆောင်ရွက်ချက်ကို သဘောရိုးဖြင့် ကြေညာခြင်း
လူငယ်ရှေ့နေတစ်ဦးကိုထောင်ချ၊ နောက်တစ်ဦးကို ဖမ်းဝရမ်းထုတ်
ပြစ်ဒဏ် ၆ လချ
၃၀ရက်၊ ၁၀လ၊ ၂၀၀၈နေ့တုန်းက လူငယ်ရှေ့နေတစ်ဦးဖြစ်တဲ့ ကိုညီညီထွေးနဲ့ NLD လူငယ် သုံးဦးဖြစ်တဲ့ ရန်နိုင်ထွန်း၊ အောင်မင်းနိုင်(ခ)မီးသွေး၊ မျိုးကျော်ဇင်တို့ကို ၆လထောင်ချလိုက်ပါတယ်။ တရားရုံး ကိုနှောင့်ယှက်မှုနဲ့ ထောင်ချလိုက်တာပါ။ ပြစ်မှုဥပဒေပုဒ်မ ၂၂၈ ဖြစ်ပါတယ်။ မြောက်ပိုင်းခရိုင်တရားရုံး တရား သူကြီး ဦးသောင်းညွန့်က ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ နောက်ထပ် လူငယ်ရှေ့နေတစ်ဦးလည်းဖြစ်၊ NLD လူငယ်လည်းဖြစ်တဲ့ ကိုစောကျော်ကျော်မင်းကို ဖမ်းဆီးဖို့ ဖမ်းဝရမ်းထုတ်ထားပါတယ်။
တရားစွဲရတဲ့အကြောင်း
၂၃.၁၀.၂၀၀၈ နေ့ရက်က လှိုင်သာယာတရားရုံးမှာ အမှုစစ်ဆေးကြားနာပါတယ်။ ၂၀၀၇-ခုနှစ်၊ ၅လပိုင်း၊ ၁၅ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းဖို့သွားတုန်း လှိုင်သာယာမှာ အဖမ်းခံရတဲ့ NLD လူငယ်တွေရဲ့အမှုပါ။ ဦးတင်ယုအပါအ၀င် ၁၁ဦးကို တရားစွဲထားတာပါ။ အဲ့ဒီအမှုမှာ အမှုသည်တွေရဲ့ လျှောက်ထားချက်နဲ့ လူငယ်ရှေ့နေနှစ်ဦးရဲ့ လျှောက်လဲချက်ကြောင့် အခုလို တရားရုံးကို နှောင့်ယှက်မှုနဲ့ တရားစွဲခံရတာဖြစ်ပါတယ်။ အမှုသည်တွေရဲ့ နစ်နာချက်ကို သူတို့ကိုယ်တိုင် တင်ပြသလို အဲ့ဒီရှေ့နေတွေကလည်း သူတို့တင်ပြတဲ့နစ်နာချက်တွေကို ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးဖို့လျှောက် ထားခဲ့ပါတယ်။ ဒီလို လျှောက်ထားချက်တွေအပေါ် တန်ပြန်တရား စွဲတဲ့ တရားသူကြီးကတော့ ဒီအမှုကိုကြားနာတဲ့ လှိုင်သာယာတရားရုံး တရားသူကြီး ဦးအောင်မြင့်သန်းဖြစ်ပါတယ်။
အမှုသည်တွေရဲ့နစ်နာချက်၊ ရှေ့နေတွေရဲ့လျှောက်လဲချက်
အမှုသည်တွေမှာ မကျေနပ်ချက်တွေရှိပါတယ်။
- တရားရုံးထုတ်စဉ်မှာ မိသားစုနဲ့ တွေ့ခွင့်မရတာ၊
- အစား အသောက်ကျွေးမွေးခွင့်မပေးတာ၊
- အမှုစစ်စဉ်အရက်မူးနေတဲ့ စွမ်းအားရှင်တွေ တရားရုံးကို ၀ိုင်းထားတာ၊
- တရားရုံးဝင်ပေါက်တွေကို သူတို့ကပိတ်ထားတာ၊
- ရှေ့နေနဲ့အမှုသည် တွေ့ခွင့်မပေးတာ၊
- အမှုသည်ညွှန်ကြား ချက် ရယူဖို့ခက်ခဲတာ၊
- တရားရုံးထဲမှာ အမှုတွဲမှတ်တမ်းတွေ ရဲအရာရှိဒေါ်အေးသီက လက်ကိုင်ဖုန်းပြောပြီး အမှုစစ်ဆေးနေတာကိုနှောင့်ယှက်တာ

ဒါတွေဟာ အမှုသည်တွေရဲ့ နစ်နာချက်တွေဖြစ်ပါတယ်။ တရားစွဲခံရသူ အမှုသည်တွေကိုယ်တိုင်က ဒီအချက်တွေကို အရေးယူပေးဖို့ တရားသူကြီးကို လျှောက်ထားတင်ပြပါတယ်။ လူငယ်ရှေ့နေနှစ်ဦးကလည်း အမှုသည် ညွှန်ကြားချက်အရ အရေးယူပေးဖို့ ဥပဒေ ပုဒ်ထီး၊ ပုဒ်မတွေကို ရည်ညွှန်း ကိုးကားပြီး လျှောက်လဲချက်ပေးပါတယ်။ လျှောက်လဲချက်တွေအားလုံးဟာ တည်ဆဲပြည်တွင်း ပြဌာန်းဥပဒေများသာလျှင် ဖြစ်ပါတယ်။
ဥပဒေနှင့်မညီတဲ့တရားရေးဆောင်ရွက်ချက်များ
ပထမအချက်အနေနှင့် အမှုဖွင့်တိုင်ကြားတဲ့ လှိုင်သာယာတရားသူကြီးဟာ အမှုတွဲမှတ်တမ်းကို ပြည့်ပြည့်စုံစုံ ရေးသွင်းဖော်ပြခြင်း မရှိပါဘူး။ တရားစွဲခံရသူတွေက တင်ပြတာ၊ ရှေ့နေတွေက လျှောက်လဲတာ၊ ဘာကိုမှ ဖော်ပြမထားပါဘူး။ တရားရုံးများလက်စွဲစာပိုဒ် - ၅၀၀၊ ၅၀၁ ပါ ညွှန်ကြားချက်ကို ချိုးဖောက်ရာ ရောက်ပါတယ်။ ဒါကြောင့် တင်ပြမှုတွေဟာ တရားမျှတမှုရှိမရှိ လျှောက်လဲချက်တွေဟာ ဥပဒေနှင့်ညီညွတ်မှု ရှိ မရှိ သုံးသပ်ခွင့် မရှိတော့ပါဘူး။
ဒုတိယအချက်အနေနဲ့ တရားစွဲခံရတဲ့ ရှေ့နေတွေနဲ့ NLD လူငယ်တွေရဲ့ အပြုအမူကို ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိတဲ့ လှိုင်သာယာတရားရုံး၏ အမှုတွဲနေ့စဉ်မှတ်တမ်းပေါ်မှာ အခြေပြုပြီး မြောက်ပိုင်းခရိုင် တရားရုံးက ပြစ်ဒဏ်စီရင်တာ မှားယွင်းပါတယ်။ ပြီးတော့ ပြစ်ဒဏ်စီရင်တဲ့ မြောက်ပိုင်းခရိုင်တရားသူကြီးက အမှုကို ကြားနာခြင်း၊ သက်သေတွေကို စစ်ဆေးခြင်းမပြုဘဲ ပြစ်ဒဏ်ချမှတ်တာဟာ ဥပဒေအရ မှားယွင်း ပါတယ်။ ပြစ်မှုကျင့်ထုံးဥပဒေပုဒ်မ - ၄၈၂ ပါ ပြဌာန်းချက်ကို ချိုးဖောက်ရာ ရောက်ပါတယ်။
တတိယအချက်အနေနဲ့ လူမသိသူမသိ တရားစီရင်တာပါပဲ။ တရားရုံးနောက်ပေါက်ကနေ တရားစွဲခံရသူတွေကို တရားရုံးရှေ့ ထုတ်လာတယ်၊ ရှေ့နေနဲ့ တွေ့ခွင့်မပေးဘူး၊ ရှေ့နေနဲ့ ခုခံချေပခွင့်မပေးဘူး၊ ဒါကြောင့် ပြစ်မှုကျင့်ထုံးဥပဒေပုဒ်မ - ၃၅၂ နှင့် ၃၄၀ ပါ ပြဌာန်းချက်ကို ချိုးဖောက်ရာ ရောက်ပါတယ်။
စတုတ္ထအချက်အနေနဲ့ ရှေ့နေတွေကို ဖမ်းဖို့ ဖမ်းဝရမ်းထုတ်ထားတဲ့ အချက်ပါဘဲ။ အခုလို ပြစ်ဒဏ် ချမှတ်တဲ့နေ့မတိုင်ခင်တစ်ရက်က အဲ့ဒီဝရမ်းကို လူငယ်ရှေ့နေနှစ်ဦးကိုဖမ်းဖို့ ထုတ်ထားတာဘဲ ဖြစ်ပါတယ်။ တရားရုံးကို အနှောက်အယှက်ပေးတယ် ဆိုတဲ့အမှုဟာ ရဲအရေး မပိုင်ပါဘူး။ ဖမ်းချင်တိုင်းဖမ်းလို့ရတဲ့အမှု မဟုတ်ဘူး။ တရားရုံးကို တရားစွဲခံရသူတွေတက်ရောက်ဖို့ ဆင့်ခေါ်စာ ထုတ်ရတယ်။ ဒါပေမယ့် တရားသူကြီးက ဘာအကြောင်းပြချက်မှ မရှိဘဲ ဖမ်းဝရမ်း ထုတ်လိုက်တာပါဘဲ။ လူငယ်ရှေ့နေ ကိုညီညီထွေးကို အခြားတရားရုံးမှာဘဲ ၀ရမ်းပြပြီး ဖမ်းသွားတယ်။ နောက်ထပ် လူငယ်ရှေ့နေ ကိုစောကျော်ကျော်မင်းကိုလည်း ဆက်လက် ဖမ်းဆီးဖို့ ၀ရမ်းထုတ်ထားပါတယ်။ တရားဥပဒေနှင့် ညီညွတ်မှုမရှိပါဘူး။ ပြစ်မှုကျင့်ထုံးဥပဒေ ပုဒ်မ - ၉၀ ပြဌာန်းချက်ကိုရော၊ ပိုနီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၃၊ အယ်ဘီအာ၊ ၁၁၆ စီရင်ထုံး လမ်းညွှန်ချက်ကိုပါ ချိုးဖောက်ရာ ရောက်ပါတယ်။
ဥပဒေရေးရာသုံးသပ်ချက်
ဒါကြောင့် မြန်မာပြည်က ရှေ့နေရှေ့ရပ်တွေဟာ တရားစီရင်ရေးမှာ လွတ်လပ်စွာ အမှုလိုက်ပါ ဆောင်ရွက်ခွင့် ဆုံးရှုံးနေပါတယ်။ အမှုသည်ကိုယ်စားတင်ပြခွင့်၊ လျှောက်ထားခွင့်၊ ဆောင်ရွက်ခွင့်ကို ပိတ်ပင်ခံ နေရပါတယ်။ ၁၈၈၀ခုနှစ် ရှေ့နေလိုက်သူများ အက်ဥပဒေပုဒ်မ - ၈ ကို ချိုးဖောက်ခံနေရပါတယ်။ နိုင်ငံတကာ ဥပဒေနှုန်းစံတစ်ရပ်ဖြစ်တဲ့ ၁၉၉၀ 1990 Basic Principles on the Role of Lawyers, Art - 13, 14, 16 နှင့် ညီညွတ်မှု မရှိပါဘူး။
မြန်မာပြည်ကဘားကောင်စီ အနေနဲ့လည်း ရှေ့နေရှေ့ရပ်တွေရဲ့ အခွင့်အရေး ဆုံး၇ှုံးမှုကို ကာကွယ်ရပ်တည်မှု မရှိပါဘူး။ ဒါကြောင့် Bar and Bench ဆိုတဲ့ ရှေ့နေရှေ့ရပ်နဲ့ တရားခွင် အပြန်အလှန်လေးစားမှု ဆိုတာ ချိုးဖောက်ခံနေရပါတယ် ။ အရပ်ဘက်လူ့အဖွဲ့စည်း တစ်မျိုးဖြစ်တဲ့ ရှေ့နေရှေ့ရပ် အမှုလိုက်အဖွဲ့ Law Firms တွေကိုလည်း နှိပ်ကွပ်ရာရောက် နေပါတယ်။ အခု အမှုမှာ မြန်မာလူငယ်ရှေ့နေများ ဥပဒေ အကျိုးဆောင်လုပ်ငန်း ( Myanmar Youth Lawyers Law Firm) ရဲ့ ဦးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ ကိုစောကျော်ကျော်မင်းကို ဖမ်းဝရမ်းထပ်ထုတ် ထားပြီး ဒီ Law Firm ရဲ့ ဥပဒေ သုတေသနမှုးဖြစ်တဲ့ ကိုညီညီထွေးကို ထောင်ဒဏ် ခြောက်လချမှတ်လိုက်တဲ့ အချက်က ထင်ရှားနေပါတယ်။
Myanmar Youth Lawyers law Firm
အမှတ်၉၇ (က) သုဒဿ(၂) ၁၆/၂ရပ်ကွက်
သင်္ဃန်းကျွန်း၊ ရန်ကုန်မြို့။
Labels:
statement
Monday, October 27, 2008
su su nway was honored by Agrate city council

၂ဝဝ၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ မစုစုနွေး (ဒု-ယာ) ကို လောင်စာဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုမှုတွင် တွေ့မြင်ရစဉ် မှတ်တမ်းပုံဖြစ်ပါသည်။ (Photo: RFA)
လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး အီတလီ ဂုဏ်ထူးဆောင်မြို့သားဆုရရှိ
RFA 2008-10-26
အင်းစိန်ထောင်မှာ ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးကို အီတလီနိုင်ငံ၊ Agrate မြို့က ဂုဏ်ထူးဆောင်မြို့သားဆု ချီးမြှင့်လိုက်ပါတယ်။
မြို့တော်ဝန်ကိုယ်တိုင် ဆုပေးအပ်တဲ့ ဒီဆုချီးမြှင့်ပွဲကို စနေနေ့ မနက်ပိုင်းက Agrate မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး အီတလီနိုင်ငံရှိ ယူရို၊ ဘားမားရုံး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မင်းက ဆုလက်ခံရယူခဲ့ပါတယ်။
ခုလို မစုစုနွေးကို ဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး ဦးဇော်မင်းက RFA ကို အခုလို ပြောပြပါတယ်။
ဦးဇော်မင်း။ ။ "ဒီနေ့မနက် ၁ဝနာရီမှာ မြို့တော်ဝန်ကနေပြီး စုစုနွေးအတွက် ဂုဏ်ထူးဆောင်နိုင်ငံသားဆု ပေးတာပါ၊ မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နဲ့ ကောင်စီအဖွဲ့ဝင် ၅ဝ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့လုပ်ကိုင်ခဲ့တဲ့ဟာတွေ အသိမှတ်ပြုတဲ့သဘောပေါ့။"
အလားတူပဲ အီတလီနိုင်ငံ Bologna မြို့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်မြို့သားဆုကို ချီးမြှင့်ခဲ့တာ RFA က ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။
ဒါ့အပြင် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့ သံဃာ့အရေးအခင်း ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ တို့ကိုလည်း အီတလီနိုင်ငံ၊ ရောမမြို့နဲ့ ဘရူဂဲရီးယိုးမြို့တို့က ဂုဏ်ထူးဆောင် မြို့သားဆုတွေကို လာမယ့်အင်္ဂါနေ့မှာ အသီးသီး ချီးမြှင့်ဖို့ရှိပါတယ်။ ဒီဆုပေးပွဲတွေကိုလည်း အဲဒီမြို့တွေရဲ့ မြို့တော်ဝန်တွေ ကိုယ်တိုင် တက်ရောက် ဆုချီးမြှင့်မယ်လို့ သိရပါတယ်။
Labels:
news
Monday, October 13, 2008
Su Su Nway refuses for medical treatment
စုစုနွေး အင်းစိန်ထောင်မှာ ဆေးကုသမှုခံယူဖို့ ငြင်းဆန် ဆန္ဒပြနေ
RFA 2008-10-10
အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မစုစုနွေးဟာ အောက်တိုဘာ ၈ရက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရုံးထုတ်ရာမှာ တရားရုံးကို ရောက်မလာခဲ့ဘူးလို့ မစုစုနွေးရဲ့ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က ပြောပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ မစုစုနွေး ယခင်တကြိမ် ထောင်မှ လွတ်လာပြီး ၂ဝဝ၇နှစ် ဇွန်လ ၈ရက်နေ့က ဆေးရုံပေါ်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ကျန်းမာရေးမကောင်းတဲ့ မစုစုနွေးဟာ အာဏာပိုင်တွေရဲ့ ထိန်းချုပ်ကန့်သတ်မှုတွေကို ဆန့်ကျင်ပြီး ထောင်တွင်းမှာ ဆေးကုသမှု ခံယူဖို့ ငြင်းဆန် ဆန္ဒပြနေတယ်လို့လည်း သူ့အစ်မဖြစ်သူ မဌေးဌေးကြည်က ပြောပါတယ်။
မဌေးဌေးကြည်ဟာ လုပ်အားပေးကိစ္စတခုကို ILO ကို သွားရောက်တိုင်တန်းခဲ့မှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ သိရှိသွားတာကြောင့် လွန်ခဲ့တဲ့ နှစ်လကျော်ကစလို့ မစုစုနွေးနဲ့ ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ခံထားရပါတယ်။
RFA 2008-10-10
အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မစုစုနွေးဟာ အောက်တိုဘာ ၈ရက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရုံးထုတ်ရာမှာ တရားရုံးကို ရောက်မလာခဲ့ဘူးလို့ မစုစုနွေးရဲ့ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က ပြောပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ မစုစုနွေး ယခင်တကြိမ် ထောင်မှ လွတ်လာပြီး ၂ဝဝ၇နှစ် ဇွန်လ ၈ရက်နေ့က ဆေးရုံပေါ်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)ကျန်းမာရေးမကောင်းတဲ့ မစုစုနွေးဟာ အာဏာပိုင်တွေရဲ့ ထိန်းချုပ်ကန့်သတ်မှုတွေကို ဆန့်ကျင်ပြီး ထောင်တွင်းမှာ ဆေးကုသမှု ခံယူဖို့ ငြင်းဆန် ဆန္ဒပြနေတယ်လို့လည်း သူ့အစ်မဖြစ်သူ မဌေးဌေးကြည်က ပြောပါတယ်။
မဌေးဌေးကြည်ဟာ လုပ်အားပေးကိစ္စတခုကို ILO ကို သွားရောက်တိုင်တန်းခဲ့မှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ သိရှိသွားတာကြောင့် လွန်ခဲ့တဲ့ နှစ်လကျော်ကစလို့ မစုစုနွေးနဲ့ ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ခံထားရပါတယ်။
Labels:
news
Wednesday, October 8, 2008
su su nway doesn't show up at the prison court
မစုစုနွေး ရုံးထုတ် မထွက်ရောက်နိုင်
ကိုထွေး | အောက်တိုဘာ ၈၊ ၂၀၀၈
စစ်အစိုးရက ဖမ်းဆီးထားသည့် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးသည် အင်းစိန်ထောင်တွင်း သီးသန့် တရား ရုံးတွင် ယနေ့ ရုံးထုတ်ရာသို့ ထွက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။
ယခုကဲ့သို့ မစုစုနွေး တရားရုံးသို့ ထွက်ရောက်နိုင်ခြင်းမရှိသည်မှာ ၎င်းအား အာဏာပိုင်များက ထောင်ဝင်စာ မပေး၍ တွေ့ခွင့်မရခြင်းကြောင့် ဖြစ်နိုင်ကြောင်း အစ်မဖြစ်သူမဌေးဌေးကြည်က ပြောသည်။
မဌေးဌေးကြည်က“ရှေ့နေ အန်တီဒေါ်ခင်ဌေးကြွယ်က ညီမလေးရုံးမထွက်လာဘူး လို့ပြောတယ်၊ တနင်းလာနေ့ ကျမ ထောင်ဝင်စာသွားတွေ့လို့မှ တွေခွင့်မရရင် ဗုဒ္ဓဟူးနေ့ရုံးထုတ်ရင် မထွက်ဘူးလို့တော့ အရင်အပတ်က သူမှာထားဖူးတယ်၊ အခု အဲဒါကြောင့်နေမှာပါ”ဟု ပြောသည်။
မစုစုနွေးသည် အစ်မဖြစ်သူနှင့် တွေခွင့်မရသည့်အတွက် အစားအသောက်ကအစ ဒုက္ခရောက်ကြောင်း၊ ကျန်းမာရေးလည်း မကောင်းကြောင်းကို ယခင်သီတင်းပတ်ရုံးထုတ်စဉ်က တရားရုံးတွင် ကိုယ်တိုင် လျှောက် တင်ထားခဲ့သည်။
မစုစုနွေး၏ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က “စုစုနွေး ဒီနေ့ရုံးကိုမလာပါဘူး၊ ဘာကြောင့်လဲဆိုတဲ့ အသေးစိတ်ကို တော့မသိရ သေးဘူး၊ နောက်ရုံးချိန်းကတော့ ၁၅ ရက်နေ့မှာ ပြန်ချိန်းထားပါတယ်”ဟု ပြောသည်။
မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်းနှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း၊ ယင်းအမှု တခုစီအတွက် တရားလိုသက်သေ ၅ ဦးစီ ခေါ်ရန် အာဏာပိုင်များ၏ အစီအစဉ်ကိုလည်း ကန့်ကွက်ရန်ရှိကြောင်း ရှေ့နေဒေါ်ဌေးကြွယ်က ပြောသည်။
မစုစုနွေး၏ လည်ပင်းအကျိတ်ပေါက်နေသည်ကို ဆေးကုသခွင့်တောင်းခံရာ အာဏာပိုင်များက ခွင့်မပြုသဖြင့် မစုစုနွေးက ဆေးကုသခွင့်ခံယူမည်မဟုတ်ကြောင်းသိရသည်ဟုလည်း မဌေးဌေးကြည်က ပြောဆိုသည်။
မစုစုနွေးသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အာဏာပိုင်တို့စိုက်ထူထားသည့် “အမေရိကန် အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” ဟုသည့်ဆိုင်းဘုတ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာချိတ်စွဲစဉ် အဖမ်းခံ ရခြင်း ဖြစ်သည်။ ရက်ပိုင်းအတွင်း၌ ဖမ်းဆီးခံထားရသည့် ဗဟန်းမြို့နယ် ရဲစခန်းတွင် အစာငတ်ခံ ဆန္ဒပြခဲ့သေးသည်။
မစုစုနွေး၏ အမှုကို တရားရုံးချုပ်ရှေ့နေကြီးများဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးမြင့်သောင်းနှင့် ဒေါ်ခင်ဌေးကြွယ် တို့က လိုက်ပါ ဆောင်ရွက်ပေးလျှက်ရှိသည်။
မစုစုနွေးမှာ မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ်ကာလအတွင်း ခွဲစိတ်ကုသမှု တကြိမ်ပြုလုပ်ခဲ့ရသည်။
မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့် ခဲ့ဖူးသည်။
အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် အဓမ္မငွေကြေးကောက်ခံမှုများကြောင့် မစုစုနွေးသည် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဌနှင့် ဆယ်အိမ်မှူးများကို တရားစွဲဆိုခဲ့ရာ အာဏာပိုင်တို့အား ခြိမ်းခြောက်ကြိမ်းဝါး သည်ဟူသည့် စွပ်စွဲချက်ဖြင့် ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံရသည်။ ၎င်းအား ထောင်ဒဏ် တနှစ်ခွဲချမှတ်ခဲ့ရာ ၇ လ အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

Friday, September 19, 2008
su su nway on the strike
မစုစုနွေး မိသားစုနှင့် တွေ့ဆုံခွင့်ရရန် ထောင်တွင်း ဆန္ဒပြ
ဖနိဒါ (Mizzima)
သောကြာနေ့၊ စက်တင်ဘာလ 19 2008 21:54 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုသည့် အနေဖြင့် ထောင်တွင်း အစားအစာ လက်မခံ ငြင်းပယ် ဆန္ဒပြနေခဲ့သည်မှာ စုစုပေါင်း ၉ ရက်ကြာခဲ့ပြီ ဖြစ်သည်။
တလကျော်ကြာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရခဲ့သည့် မစုစုနွေးသည် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ ထောင်အတွင်း ကျွေးမွေးသည့် အစားအစာများကို လက်မခံ ငြင်းပယ် ဆန္ဒပြနေကြောင်း မစုစုနွေး အမဖြစ်သူ မဌေးဌေးကြည် မှ မဇ္ဈိမကို ယခုလိုပြောသည်။
"ရှေ့နေနဲ့ စကားပါးလိုက်တယ်။ အမနဲ့ မတွေ့ရမချင်း လက်မခံဘူးလို့ ပြောတယ်။ ကျမနဲ့ မိသားစုကို ပေးမတွေ့တဲ့အပြင် ကျမမှာလဲ ဘာအပြစ်မှ မရှိဘူး။ အဲဒါတွေကို မရလို့ဆိုပြီး သူ (စုစုနွေး) က ရေနွေးတောင် လက်မခံဘူး ပြောတယ်။ ကျမနဲ့ မတွေ့တာက ကြာပြီ။ ဒီနေ့အထိဘဲ။ ဆေးနဲ့ ပစ္စည်းကို ထောင်ဘူးဝမှာ ပေးထားခဲ့ရတယ်" ဟု မစုစုနွေး၏ အမဖြစ်သူ မဌေးဌေးကြည်က ပြောသည်။
အင်းစိန်ထောင် အာဏာပိုင်များထံ မစုစုနွေး နှင့်တွေ့ဆုံခွင့်ပေးရန် အစ်မဖြစ်သူ မဌေးဌေးကြည်မှ တောင်းဆိုစာ တင်သွင်းခဲ့သော်လည်း အာဏာပိုင်များမှ တစုံတရာ တုန့်ပြန်ခဲ့ခြင်း မရရှိခဲ့ပေ။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကွင်တန်နာ မှ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခဲ့ရာ မစုစုနွေးလည်း ပါဝင်ခဲ့သည်။
လွန်ခဲ့သည့် ဇူလိုင်လအတွင်းက မစုစုနွေးသည် ထောင်ဝန်ထမ်းများနှင့် ထောင်တွင်း တင်းကြပ်မှုကို ဆန့်ကျင် ပြောဆိုခဲ့သည့်အတွက် ထောင်ဝန်ထမ်းများနှင့် စကား အချေအတင် ဖြစ်ခဲ့ရာ ၂ ပတ်ကြာ တိုက်ပိတ်ခံခဲ့ရသည်။
၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြရိပ်ညို ဟိုတယ်ရှေ့တွင် စစ်အစိုးရ ဆန့်ကျင်ရေး စာတမ်း ချိတ်ဆွဲခဲ့သည့် မစုစုနွေးအား အာဏာပိုင်များက ဖမ်းဆီး ထိမ်းသိမ်းခဲ့ကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် လှုံ့ဆော်မှု၊ လူစုလူဝေးတွင် ပါဝင်မှု နှင့် အစိုးရကို အကြည်ညို ပျက်စေမှု စသည့် ပုဒ်မများတပ်ကာ တရားစွဲဆိုထားသည်။
လွန်ခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် မစုစုနွေးအား တရားရုံးထုတ် အမှုစစ်ဆေးရန် သတ်မှတ်ရက် ဖြစ်သော်လည်း ရုံးထုတ်ခြင်းမရှိဘဲ ရမန်ရက်သာ ပေးခဲ့သည်။
လူ့အခွင့်အရေး တောင်းဆို တိုက်ပွဲဝင်ခဲ့သည့် ကော့မူးမြို့နယ် ထန်းမနိုင်ရွာသူ မစုစုနွေးအား ကနေဒါ အခြေစိုက် “လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ” အဖွဲ့မှ ချီးမြှင့်ခဲ့သည့် ၂ဝဝ၆ ခုနှစ် ဂျွန်ဟမ်ဖရေး လွတ်လပ်ခွင့် ဆုကို ရရှိခဲ့သည့်အပြင်၊ ၂ဝဝ၇ ခုနှစ်တွင် ချက်သမတ နိုင်ငံအခြေစိုက် the People-in-Need အဖွဲ့မှ ချီးမြှင့်ခဲ့သည့် 'Homo Homini Award' ဆုကို ရရှိခဲ့သည်။

Thursday, August 14, 2008
no famiy visit
အထိန်းသိမ်းခံနေရသည့် မစုစုနွေး မိသားစုနှင့် တွေ့ခွင့်မရ
VOA 14 August 2008
မြန်မာနိုင်ငံတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးဟာ သူ့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဗွီအိုရဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးကို မိသားစုနဲ့ ထောင်ဝင်စာ ပိတ်ပင်ထားခြင်းနဲ့ သြဂုတ်လ ၁၃ ရက်နေ့ ရုံးထုတ်ချိန်မှာလည်း မိသားစု နဲ့ တွေ့ခွင့်မပေးတဲ့အကြောင်း အစ်မဖြစ်သူ မဌေးဌေးကြည် က အခုလို ပြောပြပါတယ်။
“ထောင်ဝင်စာတွေ့တာ တပတ်တခါ တွေ့တာလေ။ အခု နှစ်ပတ် ရှိသွားပြီ သူနဲ့ မတွေ့ရတာ။ ကျမကို တွေ့ခွင့်ကို မပေးတာ။ အဲဒါ ဘာကြောင့် တွေ့ခွင့်မပေးတာလဲ ဆိုတော့ မဌေးဌေးကြည် လာတွေ့လို့ တွေ့ခွင့်မပေးတာ တဲ့။ အဲဒါကြောင့် ကျမက ဘာကြောင့်လဲ လို့၊ ကျမက အိမ်ထောင်စု ဇယားနဲ့ အပြည့်အစုံ မိသားစုဝင်တယောက် အနေနဲ့ လာတွေ့နေတာ။ တွေ့နေတာလည်း ကြာနေပြီ။ အခုမှ ဘာကြောင့် မတွေ့ရတာလဲ လို့ ကျမ က မေးတော့ ကျနော်တို့ မသိရပါဘူးတဲ့။ မသိရဘူး ဆိုတော့ ဘယ်သူက အမိန့်ထုတ်ထားတာလဲ။ အမိန့်ထုတ်ထားတဲ့စာကို ကျမကိုပေး လို့ ပြောတော့ သူတို့က မပြောဘူး။ မပြောတော့ ကျမ က ထောင်ပိုကြီး ဦးမျိုးခင် ကိုယ်တိုင်က ထုတ်ထားတာလား ဆိုတော့ ဟုတ်တယ်လို့ ပြောတာပဲ။”
သူမရဲ့ ရှေ့နေဖြစ်သူ ဦးမြင့်သောင်း ကတော့ မစုစုနွေးကို ရုံးထုတ်ချိန်မှာ တွေ့ခွင့်ရခဲ့ပြီး မစုစုနွေးရဲ့ ပြောကြားချက် တွေကိုလည်း အခုလို ပြောပြပါတယ်။
“ကျနော်တို့ ၁ ရက်နေ့ နောက်ပိုင်းက စပြီးတော့ သူ့ကို ကျန်းမာရေး ဆေးကုသခွင့် မပေးဘူးလို့ ပြောတယ်။ အဲတော့ သူက နှလုံးရောဂါသည် လည်း ဖြစ်တဲ့အတွက်ကြောင့် မိုလို့ သူ့ကို အခုလို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်တာကလည်း သူ့ကို ကျန်းမာရေး ဆိုးရွားအောင် လုပ်တဲ့အတွက်ကြောင့် ဒါဟာလည်း သူ့အနေနဲ့ မခံမရပ်နိုင် ဖြစ်တယ်။ နောက် ဒီကိစ္စအတွက် ပြည်ထဲရေးကနေပြီးတော့ ပိတ်တယ်၊ အဲဒီဟာအတွက်လည်း စာတင်ပေးပါ ဆိုပြီးတော့ ကျနော်တို့ကို မှာလိုက်တယ်ခင်ဗျ။ သူ့အနေနဲ့ကတော့ သူကိုယ်တိုင်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်။ သူ့မိသားစုလည်း လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်။ နောက် သူ့ ကျန်းမာရေးကလည်း အချိန်မရွေး သူ အသက် အန္တရာယ် ရှိတယ်။ အဲဒီတော့ သူ့အနေနဲ့ကတော့ ဒီ လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စကို တောင်မှ သူ ကင်တားနားနဲ့ တွေ့တာတောင်မှ ကိုယ့်ရဲ့ မြန်မာပြည်အကြောင်းကို ပြောရတာ အင်မတန်မှ ရှက်တယ် ဆိုတဲ့အကြောင်း ကျနော်တို့ကိုတော့ လူသိရှင်ကြား ပြောတယ်ခင်ဗျ။”
မစုစုနွေးဟာ ပုဒ်မ (၁၄၃)၊ ပုဒ်မ (၁၄၇/ က) နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်မှု၊ ပုဒ်မ (၁၂၄/က) နိုင်ငံတော်အား အကြည်ညိုပျက်အောင်လုပ်မှု၊ ပုဒ်မ (၁၃၀/ခ) နိုင်ငံခြား တိုင်းပြည်အား ထိခိုက်မှု၊ ပုဒ်မ (၅၀၅/ခ) ပြည်သူကို ထိတ်လန့်အောင် ခြိမ်းခြောက်မှုတွေ နဲ့ ဆွဲချက်တင် ခံထားရပြီး ရုံးထုတ်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။
မစုစုနွေးဟာ မြန်မာနိုင်ငံတွင်းက ထင်ရှားတဲ့ နိုင်ငံရေး လှုပ်ရှားသူ တဦးဖြစ်တာကြောင့် မိုလို့ ပြီးခဲ့တဲ့အပတ်အတွင်းက
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို လာရောက်စဉ် မှာလည်း နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာ မစုစုနွေးကိုလည်း တွေ့ဆုံခဲ့ပါတယ်။

Subscribe to:
Posts (Atom)