Tuesday, November 13, 2007

su su nway and bo bo win hlaing were arrested

စစ်အစိုးရ ဆန်‹ကျင်ရေး ပိုစတာကပ်သူ မစုစုနွေးနှင့် ဘိုဘိုဝင်းလှိုင်ကို ဖမ်းမိ
ဒီဗွီဘီ ၊ ၁၃ ၊ နိုဝင်ဘာ ၊ ၂ဝဝ၇

ဒီနေ့ မနက် (၆) နာရီလောက်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ မြရိပ်ညို ရွိုင်ရယ် ဟိုတယ်မှာ စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာကပ်တဲ့ မစုစုနွေး အပါအဝင် သုံးဦးအနက် ဘိုဘိုဝင်းလှိုင်ကို အာဏာပိုင်တွေက ဖမ်းမိသွားတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘိုဘိုဝင်းလှိုင်ရဲ့ မိခင် ဒေါ်နီနီလှိုင်က အခုလို ပြောပြထားပါတယ်။

“သူနဲ့ ပါသွားတဲ့ ကလေး တယောက်ကနေပြီးတော့ ပြန်လာ ပြောတယ်လေ။ မနက်ကတုန်းက ပါသွားပြီး မြရိပ်ညို ဟိုတယ် ရှေ့မှာလို့ ပြောတယ်။ အလုပ်တခု သူတို့ အဲဒီမှာ သွားလုပ်ကြတာ။ စာသွားရေး တော့ အဖမ်းခံထိတာတော့ သူတယောက်ထဲလို့ ကြားတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ လွတ်သွားတယ်။ စုစုနွေးနဲ့ ကိုကိုအောင် လွတ်သွားတယ်။ အဲဒါ သူတို့ နှစ်ယောက်ကနေ သတင်းပြန်ပို့လို့ ကျမ ကြားရတာ။ သူ အဲဒါ ဘာရေးတယ်ဆိုတာတော့ ကျမ မသိဘူးလေ။ သားသမီး တယောက်အတွက်တော့ ကျမ ပူပင်သောက ရောက်မိပါတယ်။ ဒါပေမဲ့ ကျမ ဂုဏ်ယူတယ်လေ။ လူအများစုအတွက်ကို လုပ်နေတဲ့အတွက် ကျမတို့ ဂုဏ်ယူပါတယ် သားတို့ အတွက်ကို စိုးရိမ်တာက သူက ကျန်းမာရေးက မကောင်းဘူးလေ။ အရင်တခါလဲ ပြန်ထွက်လာတော့ သူ တော်တော်လေး ကုယူရတယ်။ အခုတခါလဲ ထိတယ်ဆိုတော့ သူ့အတွက် ကျန်းမာရေးအတွက်ပဲ ပူပင်တယ်။ ကျန်တာတော့ ကျမသူ့ကို မိခင် တယောက် အနေနဲ့တော့ သောက ရောက်တယ်။ သူ့အတွက်ကို ကျန်တာတော့ ကျမ မပြောလိုတော့ပါဘူး။”

ဒါကတော့ အခု မနက်ပိုင်းက အဖမ်းဆီးခံလိုက်ရတဲ့ ဘိုဘိုဝင်းလှိုင်ရဲ့ မိခင် ဒေါ်နီနီလှိုင် က ပြောပြသွားတာ ဖြစ်ပါတယ်။ ဒီကနေ့ မနက် ဆောင်ရွက်ခဲ့သူ (၃) ဦးကတော့ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ ကိုဘိုဘို ဝင်းလှိုင်နဲ့ တက္ကသိုလ်ကျောင်းသား ကိုကိုဝင်းလှိုင်တို့ ဖြစ်ပါတယ်။ ဘိုဘိုဝင်းလှိုင်က ချော်လဲပြီး ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

အခု အဖမ်းခံရတဲ့ ဘိုဘိုဝင်းလှိုင်ဟာ ရန်ကုန်တိုင်း ဒေါပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ သူဟာ လှည်းတန်းက လောင်စာဆီ ဈေးနှုန်းကျဆင်းရေး လမ်းလျှောက် ဆန္ဒပြပွဲ တုန်းကလဲ တကြိမ် အဖမ်းခံခဲ့ရပြီး၊ တလလောက် ထိန်းသိမ်းရေး စခန်းတခုမှာ နေထိုင်ခဲ့ရပါတယ်။ ကိုကိုအောင်ကတော့ လမ်းလျှောက် ဆန္ဒပြပွဲနဲ့ ဆက်စပ် ဖမ်းဆီးခံထားရတဲ့ ဒေါပုံမြို့နယ် အဖွဲ့ချုပ် စည်းရုံးရေး ကော်မတီဝင် ဦးကြင်လှိုင်ရဲ့သား ဖြစ်ပါတယ်။ သူ ရှောင်တိမ်း လွတ်မြောက်ခဲ့ပေမဲ့ ကိုကိုအောင် နေထိုင်ရာအိမ်ကို ထောက်လှမ်ရေး ရဲတွေက အခု မနက်ပိုင်းကနေ တောက်လျှောက် လာရောက် ရှာဖွေ နေကြတယ်လို့လဲ ကိုကိုအောင်ရဲ့ မိခင်၊ ကိုကိုအောင်ရဲ့ အဒေါ်ဖြစ်သူ မသန္တာဝင်းက အခုလို ပြောပြပါတယ်။

“ဘာအတွက်ရယ်လို့တော့ မမေးဘူးပေါ့နော်၊ လမ်းထဲကလူကို မေးတယ်။ ကိုကိုအောင်ကို သိလားပေါ့။ လမ်းထဲကလူကို မေးတယ်။ ချိန်းထားတဲ့ လူတယောက်က ခေါ်ခိုင်းလို့ လို့ အဲဒီလိုပြောတယ်။ အဲဒီ လူကလဲ ကိုကိုအောင်ဆိုတာ မသိဘူးပေါ့နော်၊ ကြားလဲ မကြားဖူးဘူး ဆိုပြီးတော့ အဲဒီလို ပြန်ပြောလိုက်တယ်။ ကိုကိုအောင်ကလဲ လိုပါတယ်။ ကိုကိုအောင်က ဘယ်လိုလဲဆိုတော့ သူ ကျူရှင်တက်နေတာတွေ၊ သူ သင်တန်းတက်နေတာတွေ၊ စာအုပ်စာတမ်းတွေ၊ စာရွက်တွေ၊ လွယ်အိတ် တွေက အကုန် ပါသွားတယ်။ ကားပေါ်မှာ ကျန်ခဲ့တယ်လို့ ပြောတယ်။ လူကတော့ လွတ်လာခဲ့တယ်။ ကိုကိုအောင် ရှောင်နေရတယ်။ ရဲတွေ ကတော့ သူတို့ ဘယ်လိုလဲဆိုတော့ ဘက်ဖက်ရည်ဆိုင်တွေမှာ ထိုင်တယ်၊ ရဆကသအးမ္မာ±ုံတွေမှာ စောင့်နေတယ်။ လမ်းထိပ်တွေမှာ စောင့်နေတယ်ပေါ့နော်။ ဒါပေမဲ့ ရာအိမ်မှူးအိမ်ကိုတော့ ဟန်းဖုန်းနဲ့ အဲဒီ (Informer) သတင်းလာ ပေးတယ်ပေါ့နော်။”

ဒါကတော့ ဒီကနေ့ မနက်ပိုင်းက စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာ ကပ်ဖို့ ကြိုးစားတာကြောင့် ရှောင်တိမ်းနေရတဲ့ ကိုကိုအောင်ရဲ့ အဒေါ် မသန္တာဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။ နောက်ဆုံးရရှိတဲ့ အတည် မပြုနိုင်သေးတဲ့ သတင်းတခုကတော့ မစုစုနွေးဟာ ကားနဲ့ ထွက်ပြေးစဉ် ကုက္ကိုင်းလမ်းဆုံမှာ ဖမ်းဆီးခံရတယ်လို့လဲ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ် မြန်မာ့အသံက အတည်ပြုချက် ရရှိဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

Read More...

su su nway was detained

မစုစုနွေးနှင့် ဦးဂမ္ဘီရ အဖမ်းခံရ
ကိုသက် irrawaddy နိုဝင်ဘာ ၁၃၊ ၂၀၀၇

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့လယ်တနေရာတွင် အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင် မစုစုနွေးနှင့် လူငယ် ၂ ဦး အဖမ်းခံရ ကြောင်း စုံစမ်းသိရှိရသည်။

မစုစုနွေးသည် ရန်ကုန်မြို့လယ်ရှိ အာဏာပိုင်တို့စိုက်ထူထားသည့် အမေရိကန် ဆန့်ကျင်ရေးဆိုင်းဘုတ်တွင် စစ်အစိုးရဆန့်ကျင်စာကပ်ရန်သွားစဉ် အဖမ်းခံရ ခြင်းဖြစ်သည်ဟု မစုစုနွေးနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

မစုစုနွေးသည် သြဂုတ်လအတွင်း ရန်ကုန်တွင်ပြုလုပ်သည့် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်း နေရသူ ဖြစ်သည်။

လွန်ခဲ့သည့်လကုန်ပိုင်းမှစ၍ မစုစုနွေးသည် ရန်ကုန်မြို့အတွင်းရှိ စစ်အစိုးရ၏ အကြမ်းဖက်မှုကြောင့် သွေးမြေကျခဲ့သည့် နေရာများတွင် လွမ်းသူ့ပန်းခြင်းချ ခြင်းနှင့် နိုင်ငံရေးအန်တုသည့် လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

လွန်ခဲ့သည့်အပတ်ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်သံဃာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရအား အာဏာပိုင်တို့က ဖမ်းဆီးလိုက်သည်။

အရှင်ဂမ္ဘီရသည် စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲများနှင့် ဆန္ဒပြလှုပ်ရှား မှုများကို ဦးဆောင်ခဲ့သောကြောင့် ၎င်းအား စစ်အစိုးရက အပူတပြင်းလိုက်လံရှာဖွေခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုးသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည်ပြီးပြီး ရန်ကုန်ရှိ ရွှေတိဂုံဘုရား၊ အင်းစိန်ထောင်နှင့် ဘုန်းကြီးကျောင်းများသို့ လိုက်လံစုံစမ်း နေစဉ်ကာလအတွင်း စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းမှုများကို ဆက်လက်ပြုလုပ်နေခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “မစ္စတာ ပီညဲရိုး လာသည်ဖြစ်စေ၊ မစ္စတာ ဂန်ဘာရီ လာသည်ဖြစ်စေ သူတို့ (အာဏာပိုင်) ကတော့ သဲကြီးမဲကြီး လိုချင်နေတဲ့သူတွေ၊ သူတို့ကို အန္တရယ်ပေးလာနိုင်တယ်လို့ ယူဆထားသူတွေကိုတွေ့ရင် ဖမ်းမှာကတော့ သေချာတယ်” ဟု ဧရာဝတီကို ပြောသည်။

မစုစုနွေးသည် အဓမ္မလုပ်အားပေးခိုင်းဆိုမှုနှင့် အဓမ္မငွေကြေးကောက်ခံမှုများကြောင့် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဌနှင့် ဆယ်အိမ်မှူးများကို တရားစွဲဆိုခဲ့ရာ အာဏာပိုင်တို့အား ခြိမ်းခြောက်ကြိမ်းဝါး သည်ဟူသည့် စွပ်စွဲချက်ဖြင့် ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံရသည်။ သူမအား ထောင်ဒဏ် တနှစ်ခွဲချမှတ်ခဲ့ရာ ၇ လ အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

ယခုနှစ် မေလအတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုကို ဦးဆောင် ခဲ့ရာ ဒုတိယအကြိမ် အဖမ်းခံခဲ့ရပြီး ဇွန်လတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အထိန်းသိမ်းခံဘ၀မှ လွတ်မြောက်လာ သည့် မစုစုနွေးသည် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများကို တက်ကြွစွာပါဝင် ခဲ့ရင်း တတိယအကြိမ် အဖမ်းခံရခြင်း ဖြစ်သည်။

မစုစုနွေးသည် မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ်ကာလ အတွင်း ခွဲစိတ်ကုသမှုတကြိမ်ပြုလုပ်ခဲ့ရသည်။

လွန်ခဲ့သည့်လကုန်ပိုင်းတွင် ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့စဉ် မစုစုနွေးက “ကျမခွဲစိတ်ပြီးတော့ ဆေးရုံမှာတညလောက်ဆက်နေရမှာကို ကျန်းမာရေး ၀န်ထမ်းတွေ ထိခိုက်မှာစိုးလို့ သတိရတာနဲ့ပြန်ဆင်းခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့လည်း ဆေးဆက်မသွင်းနိုင်လို့ ကျမတော်တော်လေး ဒုက္ခရောက်ရပါတယ်။ ကျမလိုပဲ ထွက်ပြေး တိမ်းရှောင်နေရသူတွေဟာလည်း တော်တော်လေး ဒုက္ခရောက်ကြပါတယ်” ဟု ပြောဆိုခဲ့သည်။

Read More...

Monday, November 5, 2007

su su nway in Ba Han police department detention centre

မစုစုနွေး အစာငတ်ခံဆန္ဒပြ
ကိုသက် irrawaddy, နိုဝင်ဘာ ၁၅၊ ၂၀၀၇

အဖမ်းခံထားရသော အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင်တဦးဖြစ်သည့် မစုစုနွေးသည် ရန်ကုန်မြို့ ဗဟန်းရဲစခန်း၌ ယမန်နေ့မှစ၍ အစာငတ်ခံဆန္ဒပြလျက်ရှိသည်ဟု သိရသည်။


နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အာဏာပိုင်တို့စိုက်ထူထားသည့် “အမေရိကန် အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” ဟုသည့်ဆိုင်းဘုတ်တွင် စစ်အစိုးရဆန့်ကျင်ရေး ပိုစတာချိတ်စွဲစဉ် အဖမ်းခံရခြင်း ဖြစ်သည်။

မစုစုနွေးသည် သြဂုတ်လအတွင်း ရန်ကုန်တွင်ပြုလုပ်သည့် ကုန်ဈေးနှုန်းနှင့် လောင်စာ ဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သူတဦး ဖြစ်ပြီး စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်း နေခဲ့ရသည်။

လွန်ခဲ့သည့်လကုန်ပိုင်းမှစ၍ မစုစုနွေးသည် ရန်ကုန်မြို့အတွင်းရှိ စစ်အစိုးရ၏ အကြမ်းဖက်မှုကြောင့် သွေးမြေကျခဲ့သည့် နေရာများတွင် လွမ်းသူ့ပန်းခြင်းချ ခြင်းနှင့် နိုင်ငံရေးအန်တုသည့် လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “hunger strike လုပ်တယ်ဆိုတာ သာမန် ကျန်းမာရေးကောင်းတဲ့သူတွေတောင်မှ တော်တော်ကိုဖြတ်ကျော် ရတဲ့ကိစ္စဖြစ်တယ်။ မစုစုနွေးလို နှလုံးရောဂါရှိတဲ့သူအတွက် အင်မတန်စိုးရိမ်စရာကောင်းတယ်။ အသက်အန္တရာယ်ကို စိန်ခေါ်လာနိုင်တယ်” ဟု ပြောသည်။

နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် အပါအ၀င် လူ့အခွင့်အရေးအဖွဲ့အစည်းအသီးသီးက မစုစုနွေး ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိသည်ဟုလည်း ဦးတိတ်နိုင်က ပြောသည်။

ယမန်နေ့ကထုတ်ပြန်သည့် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်၏ ကြေညာချက်တွင် မစုစုနွေးနှင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ အန်အယ်လ်ဒီ တွဲဖက်အတွင်းရေးမှူး ကိုမင်းအောင်တို့ကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

“မစ္စတာ ပီညဲရိုး အနေနဲ့ မစုစုနွေးရှိနေတဲ့ ဗဟန်းရဲစခန်းမှာ သွားရောက်တွေ့ဆုံခွင့်ရဖို့ နအဖကိုတရားဝင် တောင်းဆိုပြီး သွားရောက်ကြည့်ရှုသင့်တယ်လို့မြင်တယ်။ မစုစုနွေး လွတ်မြောက်ရေးကိုလည်း တောင်းဆိုသင့်တယ်လို့ မြင်ပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပေါ်လို ဆာဂျီယို ပီညဲရိုးသည် ယခုလ ၁၁ ရက်နေ့တွင် မြန်မာ နိုင်ငံသို့ ၅ ရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေသည်။

Read More...

Saturday, October 27, 2007

su su nway lays a wreath in Rgn

စုစုနွေးက တကိုယ်တော် ပန်းခြင်းချ
ဒီဗွီဘီ ၊ ၂၇ ၊ အောက်တိုဘာ ၊ ၂ဝဝ၇

နအဖစစ်အစိုးရရဲ့ အကြမ်းဖက်သတ်ဖြတ်မူကြောင့် သေဆုံးခဲ့ရတဲ့ ဂျပန် သတင်းထောက် မစ္စတာ နာဂါအိ အပါအဝင် ရဟန်းရှင်လူပြည်သူတွေအတွက် ရည်စူး ပြီး မစုစုနွေးက ဒီကနေ့ မနက်အစောပိုင်းက တလပြည့်အထိမ်းအမှတ် လွမ်းသူ့ပန်းခြင်း ချခဲ့ပါတယ်။

ဂျပန်သတင်းထောက်နဲ့ လူထုကို ပစ်သတ်ခဲ့တဲ့ အနော်ရထာလမ်းမပေါ်မှာ လွမ်းသူ ပန်းခြင်းချခဲ့တာပါ။ ကျောက်တံတားမြို့နယ် နယ်မြေခံရဲနဲ့ သတင်းတပ်ဖွဲ့တွေ ချထားတဲ့ကြားက လျှပ်တပြတ်ပြုလုပ်ခဲ့တာလို့ မစုစုနွေးက ပြောပါတယ်။ လုံခြုံရေး အခြေအနေအရ တကိုယ်တော်ပဲ သွားရောက်လုပ်နိုင်ခဲ့တယ်ဆိုပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့ နေရာတချို့မှာလဲ အလားတူ လွမ်းသူ့ပန်းခြင်းချတာတွေ လုပ်နိုင်ခဲ့ပါတယ်လို့လဲ မစုစုနွေးက ပြောပြသွားပါတယ်။

ဒီဗွီဘီက စုံစမ်းသိရသလောက် ဗကသများအဖွဲ့ချူပ်ဝင်တချို့ကလဲ ရန်ကုန်မြို့နေရာတချို့မှာ တလပြည့် လွမ်းသူ့ပန်း ခြင်းတွေ အထိမ်းအမှတ်စာရွက်တွေ ဖြန့် ဝေခဲ့တယ်လို့ သိရပါတယ်။

Read More...

Saturday, September 15, 2007

appeal to the people

မစုစုနွေးမှ မြန်မာပြည်သူများသို့ တိုက်တွန်းပန်ကြားချက်
ဒီဗွီဘီ ၊ ၁၅ ၊ စက်တင်ဘာ ၊ ၂ဝဝ၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူ့အခွင့်အရေး လှုပ်ရှားနေသူ စုစုနွေးမှ ပြည်သူသို့ ဒီကနေ့ နေ့စွဲနဲ့ ပန်ကြားချက်တစောင် ပေးပို့လိုက်ပါတယ်။

ကျမတို့ရဲ့ နိုင်ငံတွင်း လက်ရှိကာလအတွင်းမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေ၊ (၈၈) မျိုးဆက် ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေ၊ ရဟန်းသံဃာတွေရဲ့ လှုပ်ရှားမှုတွေဟာ ဒီနေ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဘဝကို ကိုယ်စားðပတယ်ဆိုတာကို နအဖ စစ်ခေါင်းဆောင်တွေလဲ သိသလို၊ ပြည်သူ လူထုကြီးလဲ သိတယ်ဆိုတာ ကျမတို့ အနေနဲ့ အထူးပြောစရာ မလိုတဲ့ကိစ္စတခုပါ။

ကိုယ့်ရဲ့ ရပိုင်ခွင့်အခွင့်အရေး နဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေမှာ ဘယ်သူတွေက စည်းကမ်းမဲ့ပြီး ဘယ်သူတွေက စည်းကမ်းရှိတာလဲ။ ဘယ်သူတွေက ငြိမ်းချမ်းရေးကို မျှော်လင့်နေတာလဲ ဆိုတာ ပြည်သူလူထုရဲ့ ရင်ထဲမှာ သိရှိပြီးသား ဖြစ်မယ်ဆိုတာကို ကျမပြောချင်ပါတယ်။ Human Rights Declaration အပိုဒ်(၂၁) အရ အုပ်ချုပ်မှုရဲ့ အရဆကသအိးပ္ပါယ်ကို ပြည်သူ လူထုရဲ့ဆန္ဒဟာ အစိုးရအာဏာရဲ့ အခြေခံသဘောတရား ဖြစ်တယ်လို့ ဖွင့်ဆိုထာတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဘဝကို လစ်လျူရှုတဲ့ အစိုးရဟာ အဓမ္မအုပ်စိုးတဲ့ အစိုးရ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုပြီး အာဏာကို ကိုးကွယ်တဲ့ အစိုးရပဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ မိမိရဲ့ အတိုက်အခံ အင်အားစုတွေကို ထစ်ကနဲ့ရှိ ဖမ်းဆီးမယ်၊ ငြိမ်းချမ်းစွာ တောင်းဆိုမှုတွေကို ဖြစ်စေ၊ ဆန္ဒဖော်ထုတ်မှုတွေကိုပဲ ဖြစ်စေ ထစ်ကနဲ အကြမ်းဖက် ဖြိုခွင်းမယ်ဆိုတဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ နအဖရဲ့မူနဲ့ နအဖရဲ့ လမ်းပြမြေပုံဟာ ဘယ်အထိ ခရီးပေါက်တယ်ဆိုတာ တိုင်းရင်းသား ပြည်သူတရပ်လုံး စဉ်းစားဖို့ အချိန်တန်ပြီလို့ ကျမအနေနဲ့ ပြောချင်ပါတယ်။

Read More...

su su nway's words

မစုစုနွေး၏ စစ်အစိုးရပေါ် ဝေဖန်သုံးသပ်ချက်
ဒီဗွီဘီ ၊ ၁၅ ၊ စက်တင်ဘာ ၊ ၂ဝဝ၇

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း နောက်ဆုံး အဆက်အသွယ် ရရှိစဉ် အဖွဲ့ချုပ်ဝင်လဲဖြစ်၊ လူ့အခွင့်အရေး လှုပ်ရှားသူလဲ ဖြစ်တဲ့ မစုစုနွေးက အခုလို ပြောဆိုသွားတာဖြစ်ပါတယ်။

“သူတို့ဖက်က ဘယ်လိုပဲ ကျမတို့ကို ဖိအားပေး အကြပ်ကိုင်ပြီးတော့ပေါ့နော် ကျမတို့ကို ဘယ်လိုပဲ ပိတ်ပင် တားမြစ် တားမြစ်၊ ကျမတို့ကတော့ ကျမတို့ လိုချင်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်ကို ကျမတို့ တိုင်းပြည်မှာ ခံစားနေရတဲ့ အထွေထွေ အကြပ်အတည်းတွေကို ကျမတို့က ပြည်သူ လူတွေဖက်က နေရပ်တည်ပြီးတော့ ဖုန်းတွေ ပိတ်ထားပေမဲ့ ကျမတို့ရဲ့ လုပ်အားတွေ၊ ကျမတို့ရဲ့ ဇွဲတွေ၊ ကျမတို့ရဲ့ ယုံကြည်ချက်တွေ ကျမတို့ တပြားသားမှ လျှော့သွားမှာ မဟုတ်ဘူး။

ကျမတို့ အဖမ်းမခံရရင်လဲ ကျမတို့ ရတဲ့ နည်းနဲ့ ကျမတို့ တိုင်းပြည်ရဲ့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အထွေထွေ အကြပ်အတည်းတွေကို ကျမတို့ ပြည်သူလူထုတွေ ဖက်ကနေ ရပ်တည်ပြီးတော့ ကျမတို့ ဒီမိုကရေစီ လုပ်ဖော် ကိုင်ဖက်တွေ အားလုံးဟာ ဖြေရှင်းသွားမယ် ဆိုတာမျိုး ဒီ နအဖ အစိုးရကို ကျမတို့ သိစေချင်တယ်။

စစ်အာဏာရှင်တွေကို ကျမ ပြောချင်တာကတော့ ဖမ်းဆီးခံထားရတဲ့ ကျမတို့ရဲ့ ဒီ ကျောင်းသား ခေါင်းဆောင်တွေ ပြည်သူလူထုတွေက ထောက်ခံ အားပေးတဲ့ ဒီ ခေါင်းဆောင်တွေရယ်၊ လူ့အခွင့်အရေး ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ၊ (၈) လေးလုံး အရေးတော်ပုံတွေမှာပေါ့ သမိုင်းတွင်ခဲ့သူတွေလဲ ဖြစ်တယ်လေ။

ဒီလို ခေါင်းဆောင်တွေ ဒီလို အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို ပြည်သူက ချစ်ခင် လေးစား တန်ဖိုးထားတဲ့ပေါ့နော်။ ပုဂ္ဂိုလ်တွေကို ဖမ်းဆီး နှိပ်စက်ပြီး၊ အသက်အန္တရာယ် ဆုံးရှုံးရတော့မဲ့ အခြေအနေထိ လူမဆန်စွာ ပြုမူနေတာဟာပေါ့ နအဖဆိုတာ ဘာဆိုတာလဲလို့ လူသိရှင်ကြား ပြောဆိုလိုက်တာ ဖြစ်တယ်လို့ ကျမပြောချင်တယ်ရှင့်။”

မစုစုနွေးရဲ့ ပြောဆိုချက် ဖြစ်ပါတယ်။

Read More...

Monday, September 3, 2007

from fine-leaves.blogspot.com

မျက်စေ့ဖွင့်ပြီးကြောက်ကြပါ

ကျမရခဲ့တဲ့ သင်ခန်းစာကတော့ ကျမကြောက်ကြောက်နဲ့ လုပ်ခဲ့တာ ဖြစ်ပေမဲ့ ကျမရဲ့ မျက်လုံးများကို စုံမှိတ်ပြီး ကြောက်ခဲ့တာမျိုး မဟုတ်ပါဖူး။ ကျမမျက်လုံးတွေကို ဖွင့်ပြီး ကြောက်ခဲ့တာပါ။ ကျမတို့ရဲ့ ညီအကို မောင်နှမများ လုပ်ဖေါ်ကိုင်ဖက်များကို ကျမတင်ပြချင်တာကတော့ လူတိုင်းဟာ ကြောက်တတ်ပါတယ်၊ ကြောက်တယ် ဆိုတာကလည်း သဘာဝပါ။ ဒါပေမဲ့ မျက်စေ့ စုံမှိတ်ပြီး မကြောက်ကြပါနဲ့၊ မျက်စေ့ဖွင့်ပြီး ကြောက်ကြပါလို့ ဒီနေရာကနေ ကျမ ပြောပါရစေ။

မျက်စေ့ဖွင့်ပြီးကြောက်ကြပါ

တီ တီ တီ.....တီ တီ တီ.... ။ မိုဘိုင်းဖုံး မည်လာသံကြောင့် ရေးလက်စစာကို ခဏရပ်လိုက်ပြီး မောင်စိမ်းလန်း သူ၏
မိုဘိုင်းဖုံးကို ကောက်ကိုင်လိုက်ရင်း ခလုတ်ကိုနှိပ်ခါ ‘ဟလို ’ ဟု တဆက်တည်း ဖြေလိုက်သည်။ တဖက်က အင်္ဂလိပ် ဘာသာစကားဖြင့် မေးလာသော အမျိုးသမီးတဦး၏ အသံ၊ ‘မောင်စိမ်းလန်းနဲ့ စကားပြောပါရစေ၊ ကျမနာမည်က မေရီ ၀ီလီလျံ ပါ။ ကျမ အိတ်စ်ဝိုင်ဇက် သတင်းအေဂျင်စီကပါ’။

မောင်စိမ်းလန်းနှင့် သူငယ်ချင်းများသည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် နေထိုင်ကြသော မြန်မာလူငယ်များဖြစ်သည်။
သူတို့အုပ်စုသည် ဘာသာပြန်လုပ်ငန်းတခု ထူထောင်ထားကြသည်။ သတင်းဌာနများ၊ အင်ဂျီအိုအဖွဲ့အစည်းများနှင့် ကိစ္စ အရပ်ရပ် ဘာသာပြန်လိုသူများအတွက် ဘာသာပြန်လုပ်ငန်းကို လုပ်ကိုင်နေသူများဖြစ်သည်။

‘ကျမတို့ဘာသာပြန်စရာလေး တခု ပေါ်လာတယ်၊ မြန်မာနိုင်ငံအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းတခုပါ၊ ဖြစ်နိုင်မယ် ဆိုရင် မနက်ဖန်ကျမတို့ ရုံးကိုလာပြီး ဘာသာပြန်ပေးနိုင်မလား ဆိုတာသိချင်လို့ပါ....’၊ မေရီက ဆက်တိုက်ပြောလည်း ပြော လာနိုင်မလာနိုင် ဆိုတာကိုပါ တခါတည်းမေးလိုက်သည်။ မောင်စိမ်းလန်းဘက်ကလည်း ‘ဟုတ်ကဲ့ ....လာနိုင်ပါ တယ်၊ ဘယ်အချိန်လောက် လာခဲ့ရမလဲ’၊ ဟု တဆက်တည်း ပြန်ဖြေရင်းလာရမည့်အချိန်ကိုပါ ပြန်မေးလိုက်သည်။
အလုပ်ဆိုတာ လွတ်သွားလို့ဘယ်ဖြစ်မလဲဟု စိတ်ထဲကလည်း ကိုယ့်ကိုကိုယ် ပြန်ပြောမိသေးသည်။

နောက်နေ့တွင် မောင်စိမ်းလန်းတယောက် အိတ်စ်ဝိုင်ဇက် သတင်းအေဂျင်စီရုံးသို့ ဘာသာပြန်လုပ်ငန်းလုပ်ဖို့ ထွက်လာ ခဲ့သည်။ မေရီက သူတို့ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်းတခုကို ဖွင့်ပြရင်း မောင်စိမ်းလန်းကို လိုအပ်သည်များ
ရှင်းလင်းပြသည်။ ဗွီဒီယိုမှတ်တမ်းက အခြားမဟုတ် ကော့မှူးမြို့တွင် ပြုလုပ်ခဲ့သော မစုစုနွေးအား ဂုဏ်ပြုသော အခမ်းအနား ဖြစ်သည်။

မစုစုနွေး၏ အမည်ကို ကြားဖူးနေတာတော့ ကြာပြီ။ မမြင်ဖူးသေး။ အခုတော့ ဖန်သားပြင်ပေါ်မှာ ကိုယ်တိုင်မြင်ခွင့်ရလေပြီ။ မစုစုနွေးသည် ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာမှ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးလည်း ဖြစ် သည်။ ၂၀၀၆ ခုနှစ်တွင် ဂျွန်ဟန်ဖရီ လွတ်မြောက်ရေးဆု ချီးမြှင့်ခံရသည်။ ဆုပေးသော လူ့အခွင့်အရေးအဖွဲ့သည် ကနေဒါ နိုင်ငံတွင် အခြေစိုက်သည်။ ပါမောက္ခ ဂျွန်ဟန်ဖရီသည် ကနေဒါနိုင်ငံသားဖြစ်၍ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး
ကြေငြာစာတန်း၏ ပထမမူကြမ်းကို ရေးသားတင်သွင်းခဲ့သူလည်း ဖြစ်သည်။ ထိုပါမောက္ခကြီးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာတ၀ှမ်းတွင် လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေသူများအား ရွေးချယ်၍ နှစ်စဉ် ထိုဆုကို အပ်နှင်းသည်။ ယခု ကော့မှူးတွင် ပြုလုပ်သော အခမ်းအနားသည်လည်း မစုစုနွေး ထိုဆုချီးမြှင့်ခြင်း ခံရသည့်အတွက် ကျင်းပပြုလုပ်သော ဂုဏ်ပြုအခမ်းအနား ဖြစ်သည်။

မောင်စိမ်းလန်းတယောက် စတူဒီယိုထဲတွင် ဘာသာပြန်နေရင်း ဗွီဒီယိုမှတ်တမ်းခွေထဲမှတဆင့် ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ တိုင်းပြည်အပေါ်ထားရှိသည့် ခံစားချက်၊ စေတနာ၊ နိုးကြားမှု၊ အမှန်တရားကို မြတ်နိုးမှု အစရှိသည်တို့ကို သူတို့မျက်နှာများ၊ စကားလုံးများမှ တဆင့် မြင်နေရသည်။ အားရစရာကောင်းလှသည် ဟုလည်း စိတ်ထဲမှ မှတ်ချက်ချမိသည်။

မစုစုနွေးသည် အာဏာပိုင်များမှ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်းကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ ထိုသို့ အဓမ္မ လုပ်အားပေး စေခိုင်းခြင်းအတွက် ရုံးတော်သို့ ဦးတိုက်လျှောက်ထား၍ မတရားမှုကို ရင်ဆိုင် တိုက်ခိုက်ခဲ့သည်။ အိုင်အယ်အို (ILO) ဟုခေါ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ကြီးသို့လည်း ထိုသို့ အဓမ္မ လုပ်အားပေးစေခိုင်းခြင်းအား အကြောင်းကြား၍ နိုင်ငံတကာမှ သိစေရန်လည်း လုပ်ဆောင်ခဲ့သည်။ စစ်အာဏာရှင်တို့ လက်အောက်က တရားရုံးသည် အမည်ခံ သက်သက်သာ ဖြစ်ခြေသည်။ တရားနတ်စောင့်သည့် ခေတ်မှမဟုတ်ပဲ။ မစုစုနွေးက သူမအပေါ်အတင်းအဓမ္မ လုပ်အားပေး စေခိုင်းသည့် အာဏာပိုင်များကို တရားရုံးတွင် တရားစွဲဆိုခြင်း အပေါ် ရန်ကုန်က ဗိုလ်ချုပ်ကြီးတို့ ယမ်းပုံမီးကျ ဖြစ်ခဲ့သည်။ အာဏာပိုင်များ၏ တုံ့ပြန်မှုကတော့ မစုစုနွေးအား ပြန်လည်တရားစွဲဆိုခြင်း ဖြစ်သည်။ တာဝန်ထမ်းဆောင် နေသော အာဏာပိုင်များကို ၀တ္တရား နှောက်ယှက်မှုနှင့် အသရေဖျက်မှုဟု ခေါင်းစဉ်တပ်ခြင်းပင် ဖြစ်သည်။ ထိုအမှုများဖြင့် မစုစုနွေးကို ထောင်ဒဏ် (၁၈) လ ချမှတ်ခဲ့သည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းများ၊ အစိုးရများ၊ အိုင်အယ်အို အဖွဲ့ကြီး၊ ကုလသမဂ္ဂမှ တာဝန်ရှိသူများ အစရှိသည်တို့၏ ဖိအားပေးမှု၊ ဝေဖန်မှုများကြောင့် စစ်အစိုးရသည် မလွှဲသာတော့ပဲ မစုစုနွေးကို ထောင်မှ ပြန်လွှတ်ပေးရတော့သည်။
မစုစုနွေးသည် ထောင်ထဲတွင် (၈)လကြာ နေခဲ့ရသည်။ မစုစုနွေးသည် ဒေါင်ဒေါင်မည် ကျန်းမာရေးကောင်းသူ တဦး မဟုတ်။ နှလုံးအားနည်းသည့် ရောဂါ ရှိသူဖြစ်သည်။ သို့သော် သူမသည် သူမ၏ ကျန်းမာရေးကိုမငဲ့ကွက်။ အမှန်တရား အတွက် လုပ်ဆောင်စရာ ရှိသည်များကို လုပ်ခဲ့သည်။

အခန်းအနားတွင် သက်ဆိုင်ရာ ဒီ/ချုပ် မြို့နယ် ခေါင်းဆောင်အသီးသီး မစုစုနွေးအတွက် ဂုဏ်ပြုစကား ပြောကြားကြသည်။ သည့်နောက် ဂျွန်ဟမ်ဖရီဆုရှင် မစုစုနွေးကိုယ်တိုင် စကားပြောဖို့ အလှည့်သို့ ရောက်လာသည်။ ဒီအပိုင်းက ပိုအရေးကြီးတယ်ဟု ကိုယ့်ကိုကိုယ် ပြောရင်း မောင်စိမ်းလန်းသည် နားကျပ်မှ တဆင့် စီးဆင်းလာသော မစုစုနွေး အသံကို ဂရုစိုက် နားထောင်သလို ဖန်သားပြင်ပေါ်က မစုစုနွေးရုပ်ပုံကိုလည်း မျက်တောင်မခတ် စူးစိုက်ကာ ကွန်ပြူတာပေါ်တွင် သူ၏ ဘာသာပြန်ချက်များ ရိုက်ထည့်နေသည်။

“တရားမျှတမှုအတွက်၊ အမှန်တရား အတွက် ဆောင်ရွက်ရင်း တနေ့နေ့တော့ ကျမ ထောင်ကျလိမ့်မယ်ဆိုတာ ကျမ တွေးထားမိပြီးသားပါ။ ကျမထောင်ကျမှာကို ကြောက်ပါတယ်။ ကျမကို အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ ကျမတို့ရွာက အာဏာပိုင်တွေကို ရုံးတော်မှာ တရားစွဲအခါမှာလည်း ကျမကြောက်ကြောက်နဲ့ စွဲခဲ့တာပါ။ ဒီအမှုမှာ ကျမမနိုင်နိုင်ဖူး ဆိုတာလည်း တွက်ထားပြီးသားပါ။ ကျမသတ္တိကောင်းလို့ အာဏာပိုင်တွေကို တရားပြန်စွဲတာ မဟုတ်ပါဖူး။ လူသားတယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ကျမတိုက်ပွဲဝင်တာ ဖြစ်ပါတယ်။ ကျမကြောက်ကြောက်နဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက် ရဲဘော်များ အကူအညီ၊ ပြီးတော့ နိုင်ငံတကာက ဖိအား၊ အဲတာတွေ ကြောင့်သာ ကျမထောင်က ပြန်လွတ်ခဲ့တာပါ။ ကျမရခဲ့တဲ့ သင်ခန်းစာကတော့ ကျမကြောက်ကြောက်နဲ့ လုပ်ခဲ့တာ ဖြစ်ပေမဲ့ ကျမရဲ့ မျက်လုံးများကို စုံမှိတ်ပြီး ကြောက်ခဲ့တာမျိုး မဟုတ်ပါဖူး။ ကျမမျက်လုံးတွေကို ဖွင့်ပြီး ကြောက်ခဲ့တာပါ။ ကျမတို့ရဲ့ ညီအကို မောင်နှမများ လုပ်ဖေါ်ကိုင်ဖက်များကို ကျမတင်ပြချင်တာကတော့ လူတိုင်းဟာ ကြောက်တတ်ပါတယ်၊ ကြောက်တယ် ဆိုတာကလည်း သဘာဝပါ။ ဒါပေမဲ့ မျက်စေ့ စုံမှိတ်ပြီး မကြောက်ကြပါနဲ့၊ မျက်စေ့ဖွင့်ပြီး ကြောက်ကြပါလို့ ဒီနေရာကနေ ကျမ ပြောပါရစေ’။

မျက်စေ့ဖွင့်ပြီး ကြောက်ကြပါ။ ကောင်းလိုက်တဲ့ စကားစုလေး၊ သည်စကားလေးကြောင့် ဘာသာပြန်နေတဲ့ မောင်စိမ်းလန်း အဖို့ နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားပြီလို့ ထင်ခဲ့တဲ့ မိမိရဲ့ အမြတ်နိုးဆုံး ပစ္စည်းလေးတခု မမျှော်လင့်ဘဲ ပြန်ရသလို ခံစားချက်မျိုး ရင်တွင်းမှာ ဖြစ်ပေါ်လာသည်။ ပိတ်နေသည့် တံခါးတချပ် ပွင့်သွားခဲ့ပြီ။

အိတ်စ်ဝိုင်ဇက် သတင်းအေဂျင်စီ ရုံးကနေ ထွက်ကတည်းက ‘မျက်စေ့ဖွင့်ပြီး ကြောက်ကြပါ ’ ဟူသော စကားစုလေးကို အထပ်ထပ် ရွတ်ဆိုရင်း မောင်စိမ်းလန်း တယောက် အိမ်ကို လမ်းလျှောက် ပြန်ခဲ့လေတော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)
၃ ရက်၊ စက်တင်ဘာလ၊ ၂၀၀၇ ခုနှစ်။

မစုစုနွေးအတွက် အင်တာနက်စာမျက်နှာကို Asian Human Rights Commission က လုပ်ထားပေးပါတယ်။ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ဓါတ်ပုံတွေကို ဒီအင်တာနက်စာမျက်နျာကရပါတယ်။


Read More...